



၁.၅.၂၀၂၅
Written by Hey Mar ၊ Zun
မီးစက်နှိုးကာ အဲကွန်းဖွင့်အိပ်ရာက မီးစက်အခိုးအငွေ့ကြောင့် အခန်းတွင်းရှိ မိသားစုလေးဦးနဲ့ ခွေးတစ်ကောင်ပါ အောက်စီဂျင်ပြတ်လပ် သေဆုံးခဲ့တဲ့ဖြစ်စဉ်ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာဖြစ်ပွားခဲ့ပြီး ပုပ်ပွနေတဲ့ရုပ်အလောင်းတွေကိုတော့ ဒီနေ့ မနက် ဆယ်နာရီဝန်းကျင်ကမှ သက်ဆိုင်ရာလူကြီးတွေက သိရှိရှင်းလင်းသယ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်း၊ အမှတ်(၄၄) (၄)လွှာ(အေ)အခန်းအတွင်းမှာ နေထိုင်သူ လူ(၄)ဦး သေဆုံးနေကြောင်း သတင်းအရ ခရိုင်နဲ့ မြို့နယ်ရဲမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် မြို့နယ်မီးသတ် ဦးစီးမှူးအဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒေါ်အေးချို ဆိုသူက သားဖြစ်သူ ကိုကောင်းတို့မိသားစုနဲ့ ဖုန်းဆက်သွယ် မရရှိတာ (၂)ရက်ခန့် ရှိပြီဖြစ်လို့ ဒေါ်အေးချိုက ဦးမျိုးထိုက်နဲ့အတူ အခန်းကို သွားရောက်ကြည့်ရှုခဲ့ရာမှာ အတွင်းက သော့ခတ်ထားလို့ ချိုးဖျက် ဝင်ရောက်ကြည့်ရှုခဲ့ရာမှာ မိသားစုလေးဦးနဲ့ ခွေးတစ်ကောင်ကို သေဆုံးလျက်သား တွေ့ခဲ့ရတာပါ။
သေဆုံးသူတွေက ကိုကောင်း(၃၀)နှစ်နဲ့ ဇနီး မမိုးစန္ဒာ(၂၅)နှစ်၊ သားဖြစ်သူ ကောင်းသက်ပိုင် (၈)နှစ်နဲ့ မမိုးစန္ဒာရဲ့ ညီမဖြစ်သူ မဝင်းစန္ဓာ(၁၆)နှစ်နဲ့ အိမ်မွေး ခွေးတစ်ကောင်တို့ဟာ ပုပ်ပွသေဆုံးတာကြောင့် တာဝန်ရှိသူတွေကို အကြောင်းကြားလို့ စိစစ်ချိန် ကနဦး စစ်ဆေးချက်အရ သေဆုံးသူ (၄)ဦးမှာ ပြင်ပ ဒဏ်ရာ မတွေ့ရှိရဘဲ အခန်းအတွင်း ဆီကုန်နေတဲ့ ဓာတ်ဆီသုံး မီးစက်(၁)လုံးနဲ့ အဲယားကွန်း တွေ့ရှိခဲ့လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေက အခန်းဟာ မှန်လုံခန်း ဖြစ်လို့ မီးစက်အသုံးပြုစဉ် မီးခိုးမွှန်သေဆုံးခြင်း ဖြစ်နိုင်တယ်လို့ ယူဆကြောင်းနဲ့ သေဆုံးသူ (၄)ဦးနဲ့ပတ်သက်လို့ ပူးပေါင်းအဖွဲ့နဲ့ စိစစ်နေသလို သေဆုံးသူ (၄)ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တာပါ။


“လွန်ခဲ့တဲ့ ၄ ရက်လောက်ထဲက သေဆုံးတာ ဖြစ်လောက်မယ် အပုပ်နံ့က အရမ်းပြင်းတာ သူတို့တိုက်မရောက်ခင် သုံးတိုက်ကျော်လောက်ကတည်းက အနံ့ရနေတယ်။ မိသားစု လေးဦးမှာ လင်မယားနှစ်ယောက်ရယ်၊ ၈နှစ်သားရယ် ၊ ဆယ်ကျော်သက် သူတို့ညီမရယ်၊ ခွေးလေးတစ်ကောင်လည်းသေတယ်” လို့ ရပ်ကွက်တွင်းနေထိုင်သူ အမျိုးသားတစ်ဦးက MT News ကို ပြောပါတယ်။
ဓာတ်ဆီ ၊ ဒီဇယ်သုံး မီးစက်တွေအသုံးပြုတော့မယ်ဆိုပါက အိမ်အတွင်း ဆိုင်အတွင်း မြေအောက်ခန်းတို့မှာထားပီး အသုံးပြုသင့်ကြောင်း၊ အိမ်အပြင် ပေ ၂၀ မှာအသုံးပြုရတာဖြစ်ကြောင်းကိုလည်း Safety နဲ့ ပတ်သက်လို့ အသိပညာမျှဝေပေးနေတဲ့ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ ကိုသန်းထိုက်အောင်က” Safety နဲ့ ပတ်သက်ရင် ဒီမှာကအရမ်းပေါ့ဆကြတယ်။ တကယ်ဆို Enclosed Space ဖြစ်နေတော့ အသက်ပါ ပေးရနိုင်တယ်။ မြန်မာပြည်အခြေအနေနဲ့တော့ အဲ့လောက် အကွာအဝေးထားပြီး မီးစက်နှိုးဖို့ မဖြစ်နိုင်ဘူးလေ။ အဲ့ဒီအဆိပ်ငွေ့ မဝင်အောင်တော့ ဂရုစိုက်သင့်တယ်။ နိုင်ငံခြားမှာဆို အဲ့အငွေ့အတွက် Alarm စနစ်တွေ တပ်ဆင်ကြတာရှိတယ်။ အသက်ရှုမဝဖြစ်မယ်၊ မူးဝေဖြစ်ချင်ပြီ ဆိုတာနဲ့ အပြင်ထွက် အသက်ဝဝရှုပြီး နီးစပ်ရာ Ambulance ဆက်သွယ်ရမှာ။ အခု အဲ့ဒီအသိမရှိတော့ အခုလို သေဆုံးတဲ့အထိ ဖြစ်ရတယ် ။ Carbon monoxide က Invisible killer လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
