

၁. ၅.၂၀၂၅
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ ရပ်ကွက် (၂)၊ နောင်ဖာလမ်းရှိ အိမ်ခန်းတစ်ခုတွင် ယမ်းသိုလှောင်ထားရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးခဲ့မှု ဧပြီလ ၃၀ ရက် မွန်းလွဲ ၁၂ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အမျိုးသားသုံးဦး ငှားရမ်းနေထိုင်သော အိမ်ခန်းတွင် ငါးမိုင်းခွဲသည့် ယမ်းများကို သိုလှောင်ထားရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်များပါ ထိခိုက်ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲမှုအသံကြီးက လန့်စရာကြီး။ အိမ်ပါတုန်သွားတယ်”ဟု တန့်ယန်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် နေအိမ်ခန်း သုံးခန်း ပြိုကျပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့၍ တန့်ယန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
