
၁. ၅. ၂၀၂၅
Written by Nyein Kyaw
စက်သုံးဆီဈေးနှုန်း ပြန်မြင့်တက်လာချိန် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၈ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုဘဏ္ဍာနှစ်အစ ဧပြီလ ၇ ရက်တွင်လည်း ဒေါ်လာသန်း ၃၀ နှင့် ဧပြီ ၂၂ ရက်တွင် ၂၅ သန်း ရောင်းချပေးထားသလို ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေး အရန်ဆီနှစ်ပတ်စာခန့် သိုလှောင်ထားပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ခဲ့သောကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သင်္ကြရက်မတိုင်မီထက် စက်သုံးဆီအမျိုးအစားအပေါ်မူတည်ကာ ကျပ် ၂၀၀ မှ ကျပ် ၃၀၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။
သို့သော် ယခုရက်သတ္တပတ်တွင်မူ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီ ၉၂ တစ်လီတာ ၂၈၀၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၈၆၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၀၁၀ ကျပ်သို့ ပြန်လည်မြင့်တက်ခဲ့၍ စက်သုံးဆီအမျိုးအစားအပေါ် မူတည်ကာ တစ်လီတာ ကျပ် ၅၀ မှ ကျပ် ၁၀၀ ကြား ပြန်လည်မြင့်တက်လာခဲ့သည်။
ငလျင်ဘေးဒဏ်ခံစားခဲ့ရပြီးနောက် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် စက်သုံးဆီအသင်းနှင့် သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နှင့် ဆီဘောက်ဆာ လုပ်ငန်းရှင်တို့၏ ၂၄ နာရီ အချိန်ပြည့် နားရက်မရှိ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
