
MT News
၃၀. ၄. ၂၀၂၅
ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်ဟု သိရသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းတိုမှ အသင်းဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများသည် မဖြစ်မနေလိုအပ်သော ပစ္စည်းများဖြစ်ပြီး ငလျင်ဖြစ်ပွားရာ ဒေသများကို စုံစမ်းကြည့်ရာတွင် လိုအပ်ချက်အရ ဈေးနှုန်းကြီးမြင့် ကွာခြားမှုများ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ ငလျင်ဘေးသင့်ဒေသများတွင် တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် လုံလောက်စွာရရှိနိုင်ရေး၊ အချိန်မီရရှိနိုင်ရေးအတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် ဌာနများနှင့် အသင်းများကလည်း ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဦးစွာ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ငလျင်ဘေးသင့် အဆောက်အဦများအား ပြင်းအားရစ်(ခ်)တာစကေး ၈ အဆင့် ဒဏ်ခံနိုင်ရန် ပြန်လည်တည်ဆောက်ရာတွင် အရည်သွေးမှန်ကန်သည့် ပစ္စည်းများ အသုံးပြုနိုင်ရေးနှင့် ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့် ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုရေးနှင့် အဆောက်အဦများ မြန်ဆန်စွာဆောက်လုပ်နိုင်ရေးရည်ရွယ်၍ ဈေးရောင်းပွဲတော် ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးရောင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျင်းပသွားမည်ဖြစ်ရာ သက်ဆိုင်ရာ အသင်းများ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထိုနောက် တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းများက ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချရာတွင် အမှန်တကယ်လိုအပ်သူများကို ရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အရည်အသွေးပြည့်မီသည့် ပစ္စည်းများရရှိရေးအတွက် တာဝန်ယူ၊ တာဝန်ခံ၍ ရိုးသားစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Grouting ဘိလပ်မြေ ထုတ်လုပ်သည့် Sika Myanmar Limited နှင့် Aung Pyitan Co., Ltd တို့ကလည်း လက်ရှိဆောင်ရွက်နေမှု၊ ဘိလပ်မြေဝယ်လိုအား မြင့်တက်လာသည့်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု၊ ဈေးရောင်းပွဲတော်တွင် ဈေးနှုန်းလျှော့ချရောင်းပေးမည့် အခြေအနေနှင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ပုံစာ။ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးနိုင်ရေး ဆွေးနွေးပွဲမြင်ကွင်း။
