
၃၀.၄.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကြားဖြတ်အစိုးရက အစာရေစာပြတ်လပ်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းရှိအရပ်သားပြည်သူတွေဆီသို့ ကုလသမဂ္ဂရဲ့ အထောက်အပံ့ပစ္စည်းတွေ ပေးပို့မယ့်စင်္ကြန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်လျက်ဖွင့်လှစ်ဖို့ မူအားဖြင့်သဘောတူခဲ့တယ်လို့ ဧပြီလ ၂၉ ရက်က ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီလိုဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်က မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလည်လာတုံးကအဆိုပြုခဲ့မှုက ဒက်ကာမြို့မှာတော့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုကို ကျယ်ကျယ်ပြန့်ပြန့်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့ ဘင်္ဂါလီ မွတ်ဆလင်လူမျိုးစုတွေထဲက အများစုက ၂၀၁၇ ခုနှစ်မှာ မြန်မာအစိုးရနယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်က တိုက်ခိုက်နှိမ်နင်းအပြီး ထွက်ပြေးလာကြတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂတို့ကတော့ ဘင်္ဂါလီတွေ မြန်မာနိုင်ငံဘက် ပြန်နိုင်ကြဖို့ ပုံမှန်အခြေအနေတွေဖြစ်လာဖို့ လိုလားနေပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာလည်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်သောင်းကျန်းသူတပ်ဖွဲ့ အေအေ တို့အကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဘင်္ဂါလီဒုက္ခသည်ကိစ္စတွေနဲ့ပတ်သက်လို့ ကြားဖြတ်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ် ခါလီလာ ရာမန် က “ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်မူဝါဒက ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂကခေါင်းဆောင်လို့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေပို့ပေးဖို့ပါ။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆောင်ရွက်ပေးဖို့ဆန္ဒရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရာမန်က ကုလသမဂ္ဂကထောက်ပံ့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက ရခိုင် ပြည်နယ်အခြေအနေကို တည်ငြိမ်အေးဆေးစေပြီးဘင်္ဂါလီဒုက္ခသည်တွေ ပြန်သွားနိုင်ဖို့ အခြေအနေတွေ လည်း ဖန်တီးပေးနိုင်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်”လို့ ပြောခဲ့သေးပါတယ်။ ဒါပေမယ့် ရာမန်က အထောက်အပံ့လမ်းကြောင်းဟာ အကြံပြုဆွေးနွေးတဲ့အဆင့်မှာသာရှိသေးပြီး သက်ဆိုင်တဲ့အုပ်စုများစွာအကြား သဘောတူညီမှုရရှိဖို့ လိုလိမ့်ဦးမယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။
ရာမန်က အဆိုပါကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့တခြားသက်ဆိုင်တဲ့အဖွဲ့တွေနဲ့ ထိတွေ့ ဆောင်ရွက်နေပါတယ်လို့လည်း ပြောခဲ့ပါသေးတယ်။
ကြားဖြတ်အစိုးရရဲ့ ပြည်ပရေးရာအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ တိုဟစ် ဟော့စိန် ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ လူသားချင်းစာနာမှုလမ်းကြောင်းတစ်ခုအတွက် ထည့်သွင်းစဉ်းစားသွားမယ်လို့ဆိုခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း တချို့အခြေအနေတွေကိုသဘောတူတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အားကောင်းတဲ့နိုင်ငံရေးပါတီအချို့ကြားမှာတော့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP) ရဲ့အထွေထွေ အတွင်းရေးမှူး မာဇာ ဖါခရူလ် အစ္စလာမ် အလမ်ဂျာ က ကြားဖြတ်အစိုးရအနေနဲ့ အခြားဆွေးနွေးတိုင်ပင်ရမှာတွေ ရှိသေးတယ်လို့ပြောခဲ့ပါတယ်။ သူက လူသားချင်းစာနာမှုလမ်းကြောင်းက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သွားမယ်ဆိုတာက ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်မှုနဲ အချုပ်အခြာအာဏာတို့နဲ့ ရောယှက်နေသလို ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးဆေးမှုတို့လည်း ပါဝင်သက်ဆိုင်နေတယ်လို့ လူထုစကားပြောပွဲတစ်ရပ်မှာ ပြောခဲ့ပါတယ်။
ဂျာမတ်-အီး-အစ္စလမ်မီ ပါတီခေါင်းဆောင် ရှာဖီကွာ ရာမန် ကလည်း ဒီကိစ္စမှာ သူ့ပါတီအနေနဲ့ ဆက်စပ်နေတဲ့ လုံခြုံရေးပြဿနာတွေအတွက် စိုးရိမ်မိတယ်လို့ ပြောခဲ့ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂရုံးမှ လူးဝစ် ဘာဘာ ကလည်း အဆိုပြုချက်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေရဲ့အတည်ပြုမှုလိုတယ်လို့ ပြောခဲ့ပါတယ်။ သူက ဘယ်လိုလူသားချင်း စာနာတဲ့အထောက်အပံ့ ဒါမှမဟုတ် အကူအညီမျိုးဖြစ်စေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို နယ်စပ်ကိုဖြတ်ပြီးပို့မယ်ဆိုရင် နှစ်ဖက်အစိုးရအကြားသဘောတူညီမှုရှိဖို့ ပထမဆုံးလိုတယ်လို့လည်း ပြောခဲ့ပါတယ်။
Ref- UCA News
