
၃၀. ၄. ၂၀၂၅
Written by Nyein Kyaw
စစ်မှုထမ်းဟောင်းများအနေဖြင့် “ပြည်သူ့စစ် မဟာဗျူဟာ” ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် တပ်မတော်နှင့် ပြည်သူကြားတွင် ခိုင်မာသည့် ပေါင်းစည်းအားရရှိအောင် ဆက်လက်ကြိုးပမ်းပုံဖော်ပေးသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅) တွင် ပြောကြားသည်။
တပ်မတော်၏ နိုင်ငံတော်နှင့်ပြည်သူအပေါ်ထားရှိသော စစ်မှန်သည့် သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တစ်ရပ်တည်း လုပ်ဆောင်ခြင်းထက် ပြည်သူများတွင်ရှိနေသည့် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာအားပြုနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် “ပြည်သူ့စစ် မဟာ ဗျူဟာ” ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် တပ်မတော်နှင့်ပြည်သူကြားတွင် ခိုင်မာသည့် ပေါင်းစည်းအားရရှိအောင် ဆက်လက်ကြိုးပမ်းပုံဖော်ပေးသွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။





တပ်မတော်သည် ပြည်သူက ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူနှင့်တစ်သားတည်း ရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဆိုသည်မှာ တပ်မတော်သားဟောင်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူများနှင့် အမြဲထိတွေ့မှုရှိနေသည့်အတွက် တပ်မတော်နှင့်ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့် အပြော အဆို အပြုအမူများကို သတိပြုကြရန်နှင့် မိမိ၏ အပြုအမူအပြောအဆိုသည် မိမိအဖွဲ့အစည်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် တပ်မတော်ကိုပါ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေသည်ကို နှလုံးသွင်းထားကြရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်သားဟောင်းများဖြစ်သည့်အတွက် တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက်စောင့်ထိန်းသွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။
