
၃၀.၄.၂၀၂၅
Written By Zun
ကွတ်ခိုင်မြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ မီးသွေးဖုတ်သည့် အမျိုးသား (၃) ဦး သေဆုံးမှု ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်အုပ်စု၊ ကုန်းချမ်းကျေးရွာတွင် ဧပြီလ (၂၈)ရက်က မိုးသက် လေပြင်း ကျရောက်ချိန် မီးသွေးကို ဖုတ်သည့်နေရာမှ မီးသွေးထုတ်ယူနေသည့် အမျိုးသား (၃)ဦး မိုးကြိုး အပစ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မိုးကြိုးအပစ်ခံရသူများမှာ အသက် (၆၂)နှစ်အရွယ် ဦးလွင်ခိုင်၊ အသက် (၃၆)နှစ်အရွယ် ဦးအိုက်လွင်နှင့် အသက် (၃ဝ)နှစ်အရွယ် ဦးအိုက်မွန်းတို့ဖြစ်သည်။
သေဆုံးသူများ၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီလ (၂၉)ရက်တွင် မိသားစုဝင်တစ်ဦးက ယင်းတို့အတွက် ထမင်းသွားပို့မှသာ တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် ဒေသခံများက ဝိုင်းဝန်း၍ အလောင်းများကို သယ်ဆောင်ခဲ့ကာ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
