
၃၀. ၄. ၂၀၂၄
Translated by Thettant
ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်းသိမ်းပိုက်လိုက်သော ကာ့ခ်ဒေသ ပြန်လည်ရရှိရေးအတွက် ရုရှားနိုင်ငံသို့ စေလွှတ်ခဲ့သော မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များတွင် သေဆုံးသူ ၆၀၀ အပါအဝင် ၄,၇၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (NIS) က ပြောကြားခဲ့သည်။
တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (NIS) သည် ယူကရိန်းကို တိုက်ခိုက်ရန်အတွက် ရုရှားနိုင်ငံအနောက်ပိုင်း ကာ့ခ်ဒေသသို့ စေလွှတ်ခဲ့သော မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအကြောင်း ဗုဒ္ဓဟူးနေ့၏သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားလွှတ်တော်အမတ်များကို ခန့်မှန်းချက်များ တင်ပြခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဥပဒေပြုအမတ်တစ်ဦးဖြစ်သော လီဆောင် ကွန်း၏ အဆိုအရ မြောက်ကိုရီးယားသည် စစ်သားများကို ရုရှားသို့ နှစ်ကြိမ် စေလွှတ်ခဲ့ကာ စုစုပေါင်း အရေအတွက် ၁၅,၀၀၀ ခန့်ရှိကြောင်း ပြောကြားခဲ့သည်။
စစ်ပွဲအတွင်း သေဆုံးသွားသော မြောက်ကိုရီးယားစစ်သားများကို ကာ့ခ်တွင် သင်္ဂြိုဟ်ခဲ့ပြီး ဇန်နဝါရီလမှ မတ်လအထိ ဒဏ်ရာရသူ ၂,၀၀၀ ခန့်ကို လေကြောင်း သို့မဟုတ် ရထားဖြင့် ပြုံယမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟုလည်း လီဆောင်ကွန်းက ဆိုသည်။
သို့သော် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် စစ်ပွဲအတွေ့အကြုံများကြောင့် ဒရုန်းများနှင့် အခြားသော စက်ကိရိယာများကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုလာနိုင်ပြီး ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းသည် စတင်စေလွှတ်ချိန်ထက် သိသိသာသာ တိုးတက်လာကြောင်း NIS က မှတ်ချက်ပြုခဲ့သည်။
တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းနှင့် လက်နက်များ ထောက်ပံ့ခြင်းအတွက် အပြန်အလှန်အားဖြင့် ရုရှားသည် မြောက်ကိုရီးယားအတွက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ အီလက်ထရွန်နစ် စစ်ဆင်ရေးပစ္စည်းများ၊ ဒရုန်းနှင့် သူလျှိုဂြိုလ်တု လွှတ်တင်ရန်နည်းပညာများ ပေးအပ်ခဲ့သည်ဟု အကဲဖြတ်ခဲ့ကြောင်း NIS ၏ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် အခြား ဥပဒေပြုအမတ်တစ်ဦးဖြစ်သော ကင်ဘျောင်ကီက ပြောကြားခဲ့သည်။
Ref – MSN & NHK
