၃၀.၄.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ရှိ ရီတူရတ်ဂျ်ဟိုတယ်မှာ ဧပြီလ ၂၉ ရက်ညက မီးလောင်ကျွမ်းမှုတစ်ရပ် ပြင်းထန်စွာဖြစ်ခဲ့လို့ ကလေးနှစ်ဦးအပါအဝင် အနည်းဆုံးလူ ၁၄ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုအတွင်းမှာ လူနှစ်ဦးလည်း ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။
သတင်းတွေအရ ဟိုတယ်အတွင်းရှိဧည့်သည်တွေက မီးလောင်ရာမှာ ဟိုတယ်ခေါင်မိုးကို ပြေးတက်ကြပြီး သူတို့မိုဘိုင်းဖုန်းတွေက မီးတွေကိုဖွင့်ကာ အချက်ပြ အကူအညီတောင်းခဲ့ကြတယ်လို့ သိရပါတယ်။ ဗီဒီယိုတွေမှာ တချို့ဆိုရင် မီးဘေးကလွတ်ဖို့ သူတို့ အခန်းတွေရဲ့ ပြတင်းပေါက်တွေအပြင်ဘက်ကနေ အဆောက်အအုံအပြင်နံရံ ငေါထွက်ဖုထစ်နေတဲ့နေရာတွေကို တွယ်ပြီး ဆင်းနေကြတာ တွေ့ရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေက ဟိုက်ဒရောလစ်လှေကားလို့ခေါ်တဲ့ အရည်ဖိအားသုံးလှေကားတွေနဲ့ အသက်ကယ်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရပါတယ်။ တချို့ဧည့်သည်တွေကို ကယ်ဆယ်မှုတွေလုပ်နေတုံးမှာပဲ မီးလောင်မှုအတွင်း အသက်မရှုနိုင်ဖြစ်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။
မီးကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေက ဆက်လက်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိသေးဘဲ ရဲတပ်ဖွဲ့က အထူးစုံစမ်းရေး အဖွဲ့တစ်ခုဖွဲ့ကာ စစ်ဆေးနေတယ်လို့သိရပါတယ်။
ဝန်ကြီးချုပ် မိုဒီက မီးလောင်မှုမှာ အသက်ဆုံးရှုံးရသူတွေအတွက် မချိတင်ကဲခံစားရတယ်လို့ X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။ သူက သေဆုံးခဲ့ရသူတွေအတွက် မိသားစုတွေကို ငွေကြေးအထောက်အပံ့တွေ ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့မြို့ကြီးတွေမှာ စီမံချက်ညံ့ဖျင်းမှုနဲ့ လုံခြုံစိတ်ချရမှုစည်းကမ်းတွေဆောင်ရွက်ရာမှာစည်းကမ်းလျော့ရဲမှုတို့ကြောင့် လူသေစေတဲ့အဆောက်အအုံမီးလောင်မှုတွေ မကြာခဏဖြစ်တတ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းကဆိုရင်လည်း ဂူဂျာရတ်ပြည်နယ်ရှိ ဂိမ်းကစားရုံတစ်ခုမှာမီးလောင်လို့ အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့ရပါသေးတယ်။
အဲဒီနောက်လအနည်းငယ်ကြာပြီးတော့ အတ်တာပရာဒက်ရှ်ပြည်နယ်အတွင်း ဆေးရုံတစ်ရုံမှာမီးလောင်လို့ မွေးကင်းစ ကလေးငယ် ၁၀ ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။
Ref- AOL



