၃၀.၄.၂၀၂၅
Written by Hey Mar
နှစ်လကျော်ကြာ ပျောက်ဆုံးနေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်ကို အရိုးကျသေဆုံးလျက်သား အနေအထားနဲ့ မနေ့က ဧပြီလ ၂၉ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာနဲ့ သကံဂွကြီးကျေးရွာကြား ဖျာပုံ – ဘိုကလေးကားလမ်းဘေး လူပြတ်တဲ့ကိုင်းတောထဲမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
အဆိုပါ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းတွေ့ရှိပုံကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဖျာပုံမြို့ အခြေစိုက် ကရုဏာရှင် လူမှုကူညီရေးအသင်းကို MT News က ဆက်သွယ်မေးမြန်းရာမှာ အသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးစံအောင်က “ရုပ်အလောင်းက အသားတွေ မရှိတော့ဘူး။ ဆံပင်ရှိသေးတယ်။ အရှည်ကြီးပဲ။ လက်သည်း ခြေသည်းမှာ အလှဆင်ထားတဲ့ လက်သည်းတုတွေရှိတယ်။ နောက်ပြီး စကပ်ရှိနေတယ်။ ကျန်တဲ့ အရိုးတွေကတော့ ပေါင်ရိုး၊ ခါးရိုး ပုံစံပျက်နေပြီ။ တစ်ချောင်းချင်း အိတ်ထဲ စုကောက်ပြီး ထည့်ရတဲ့အခြေအနေပါ” လို့ ပြောပြပါတယ်။
သေဆုံးနေတဲ့ အမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ နှစ်လက ပျောက်ဆုံးခဲ့လို့ မိသားစုက လူပျောက်တိုင်ကြားကာရှာဖွေနေတဲ့ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနေ မဖူးဖူးရွှေစင်ရဲ့ ရုပ်အလောင်းဖြစ်ကြောင်း မိသားစုကလည်း လာရောက်အတည်ပြုခဲ့ပြီး အလောင်းကို ဖျာပုံဆေးရုံကြီး ရင်ခွဲရုံမှာ ရဲလုပ်ငန်းစဉ်အရ စစ်ဆေးဖို့ ထားရှိထားသေးကြောင်းနဲ့ မသင်္ဂြိုဟ်ဖြစ်သေးဘူးလို့လည်း သိရပါတယ်။
ကရုဏာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစံအောင်က “မိန်းကလေးက ဘာလို့ပျောက်ဆုံးတယ်ဆိုတာတော့ မသိပါဘူး။ ရဲတပ်ဖွဲ့ကတော့ သိမှာပါ။ ဘာကြောင့်သေတယ်ဆိုတာတော့ ဒီနေ့ ညနေပိုင်းမှာမှ မှုခင်းဆရာဝန်ကြီးတွေက အတည်ပြုမှာပါ။ အတည်ပြုပြီးလို့သင်္ဂြိုဟ်ခွင့်ရရင်တော့ မနက်ဖြန်မှာ သင်္ဂြိုဟ်ဖြစ်ပါမယ်။ အသင်းကပဲ အစအဆုံး မိသားစုကို တာဝန်ယူဆောင်ရွက်ပေးသွားမှာပါ”လို့ MT News ကို ပြောပါတယ်။
