၃၀.၄.၂၀၂၅
Written by Hey Mar
မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်မတော်တဆမှုနဲ့ သေဆုံးသွားတဲ့ဖြစ်စဉ် မနေ့က ဧပြီ ၂၉ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဂယောင်ဘွတ်ဒေသ၊ ချီကုတ်ရှိ စက်ရုံတစ်ရုံမှာ ဖြစ်ပွားခဲ့တယ်လို့ ကိုရီးယားဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတာက ဧပြီ ၂၉ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်မှာဖြစ်ပြီး ဂယောင်ဘွတ်၊ ချီကုတ်ကွန် ဝဲဂွါန်အွတ် နာ့ဆတ်လီရှိ စက်ရုံတစ်ရုံမှာ အသက် ၃၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဟာ သံပြားလိပ်ကို ဖြတ်ဖို့ ဖြတ်စက်ပေါ်တင်နေစဉ် သံပြားလိပ်က ပြန်ပြုတ်ကျကာ ကိုယ်ပေါ်ပိမိခဲ့ရာက ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူက မန္တလေးတိုင်း၊ အမရပူရ တောင်မြို့ ဇာတိလို့ သိရှိရပြီး ကိုပြည့်ဖြိုးအောင် အသက် ၃၃ နှစ်လို့ သိရပါတယ်။ ကိုရီးယားကို ၂၀၁၈ ခုနှစ်ကတည်း ရောက်ရှိကာ E7 ဗီဇာနဲ့ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းကနေ သိရပါတယ်။ မိဘနှစ်ပါးစလုံး မရှိတော့ဘဲ ကျန်ရှိတဲ့ သေဆုံးသူရဲ့ဆွေမျိုးတွေနဲ့ ဆက်သွယ်ရရှိနိုင်ဖို့လည်း လူမှုကွန်ရက်ကနေတစ်ဆင့် ကိုရီးယားလုပ်သားတွေအရေး အကူအညီပေးနေသူတစ်ဦးက အသိပေးထားတာလည်း တွေ့ရပါတယ်။
ကိုပြည့်ဖြိုးအောင် သေဆုံးမှုဖြစ်စဉ်ကို ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက မှုခင်းမှတ်တမ်းတင်ကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် စက်ရုံတာဝန်ရှိသူတွေ ဆက်လက်စစ်ဆေးနေတယ်လို့လည်း ကိုရီးယား ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

