၃၀.၄.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ရပ်ကို Atlantic အမေရိကန်မဂ္ဂဇင်းက ဧပြီလ ၂၈ ရက်က ထုတ်ပြန်ခဲ့ရာမှာ ထရန့်က စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ကြေနေရပြီဖြစ်တဲ့ ယူကရိန်းနိုင်ငံကို လက်နက်တွေထောက်ပံ့မှုနဲ့ပတ်သက်လို့ မေးခွန်းတစ်ရပ်အပေါ် ရှောင်ရှားခဲ့ပေမယ့် သူ့အနေနဲ့ ယူကရိန်းနိုင်ငံကို ကယ်တင်နေတာဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်းပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
သမ္မတထရန့်ကို သူ့ရဲ့သမ္မတသက်တမ်း ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ Atlantic မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘာ့ဂ်က ဧပြီလ ၂၄ ရက်က တွေ့ဆုံမေးမြန်းခဲ့တာလို့ သိရပါတယ်။
ဒီရက် ၁၀၀ ကာလအတွင်း ထရန့်က သူ့ရဲ့ဆောင်ရွက်ဖို့ ရည်မှန်းချက်တွေထဲကတစ်ခုက ယူကရိန်းစစ်ပွဲကို လုံးဝအဆုံးသတ်စေရေးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သိပ်မကြာသေးတဲ့ရက်တွေအတွင်းကပဲ ထရန့်ရဲ့ အမေရိကန်အစိုးရက နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ကြရင် အမေရိကန်အနေနဲ့လည်း ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲတွေကို စွန့်ခွာမယ်လို့ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ထရန့်က တွေ့ဆုံမေးမြန်းပွဲမှာ ယူကရိန်းကိုရည်ညွှန်းပြီးတော့ “ကျွန်တော့်အနေနဲ့ ဒီနိုင်ငံကို ကယ်တင်ဖို့ ကြိုးစားဆောင် ရွက်နေတာပါ။ ဒါက ကြီးမားလှတဲ့စစ်ပွဲယန္တရားကြီးတစ်ရပ်ပဲ။ ယူကရိန်းအနေနဲ့ ဒီစစ်ပွဲအတွင်း သိပ်မကြာခင်ချေမှုန်းခံရမယ်လို့လည်း ကျွန်တော်ယူဆတယ်။ ဒါကြောင့် ယူကရိန်းအတွက် ကြီးမားတဲ့ဝန်ဆောင်မှုတစ်ရပ်ကို ကျွန်တော်လုပ်ဆောင်ပေးနေတာပါ” လို့ ပြောခဲ့ပါတယ်။
ထရန့်က “ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ကျွန်တော့်ရဲ့ယူဆချက်အပေါ် မျှဝေယုံကြည်ကြဖို့တော့မလိုပါဘူး။ ဒါပေမယ့် တကယ်လို့ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကျွန်တော်သာအနိုင်ရခဲ့ရင် ယူကရိန်းစစ်ပွဲဆိုတာဖြစ်လာမှာမဟုတ်ဘူး”လို့လည်း ပြောခဲ့ပါတယ်။
သူက “ဒီစစ်ပွဲက တကယ်တော့ ဂျိုးဘိုင်ဒန် ဖန်တီးခဲ့တဲ့စစ်ပွဲပါ။ ဒီစစ်ပွဲနဲ့ပတ်သက်လို့ ကျွန်တော်က ဆက်ပြီးတော့ ဝန်ထုပ်ဝန်ပိုးကြီးအဖြစ်ခံမှာမဟုတ်ဘူး။ ဝန်ထုပ်ဝန်ပိုးကြီးလည်းမဖြစ်ချင်ဘူး။ ဒီဟာက ကြောက်မက်ဖွယ်စစ်ပွဲတစ်ရပ်လည်းဖြစ်လို့ ဘယ်တော့မှလည်း မဖြစ်သင့်ပါဘူး” လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ထရန့်က သူ့အနေနဲ့ ယူကရိန်းဘက်က အမြဲရပ်တည်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းနိုင်ငံကို ထောက်ခံမှုနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးကိုထောက်ခံမှုတို့က မတူကွဲပြားတယ်ဆိုတာ ထရန့်က ပြောခဲ့ပါတယ်။ သူက “ကျွန်တော့်အနေနဲ့ ဇယ်လန်စကီးနဲ့ပတ်သက်လို့ ခက်ခက်ခဲခဲအချိန်ကာလတွေလည်း ကြုံခဲ့ရဖူးပါတယ်”လို့ပြောရင်း ဇယ်လန်စကီးနဲ့ အမေရိကန်ခေါင်းဆောင်တွေအကြား ဖေဖော်ဝါရီလက အိမ်ဖြူတော်မှာဖြစ်ခဲ့ရတဲ့ နာမည်ဆိုးနဲ့လူသိများတဲ့ အငြင်းပွားမှု အဖြစ်အပျက်ကို ပြန်လည်ရည်ညွှန်းခဲ့ပါတယ်။
ရှေ့လာမယ့်ဆွေးနွေးပွဲတွေမှာ အမေရိကန်မျှော်လင့်ထားတဲ့ရလဒ်တွေမရရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စွန့်လွှတ်မယ်လို့ ပြောဆိုခြိမ်းခြောက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
Ref- Kyiv Independent
