၃၀.၄.၂၀၂၅
Written by Hey Mar
အထပ်မြင့်တိုက် ငါးလွှာကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်သူ့ကွက်သစ်(၁)လမ်းက အထပ်မြင့်တိုက်တစ်ခုမှာဖြစ်ပွားခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတစ်ဦးက MT Newsကိုပြောပါတယ်။
အဆိုပါပြုတ်ကျတဲ့အမျိုးသမီးက အဲ့ဒီအထပ်မြင့်တိုက်ပေါ် တက်ခိုးတာလို့လည်း ဆိုကြပါတယ်။ အိမ်ရှင်နိုးလာပြီး “သူခိုး”လို့ အော်ဟစ်တဲ့အတွက် အိမ်ရှင်ကို ကတ်ကြေးနဲ့ပြန်လည်ရန်ပြုကာ တိုက်နောက်ဖေး ပြတင်းပေါက်ကနေခုန်ချထွက်ပြေးရင်း အခုလိုသေဆုံးတာလို့ သိရပါတယ်။
စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ အသက်လေးဆယ်ဝန်းကျင်အမျိုးသားတစ်ဦးက “ မနက်အစောပိုင်း သူခိုးဝင်နေတာကို အိမ်ရှင်အမျိုးသမီးက နိုးလာပြီး တွေ့သွားတော့ အော်ဟစ်အသံပြုတာ သူခိုးက အိမ်ရှင်ကို ကတ်ကြေးနဲ့ နှစ်ချက်ပြန်ရန်ပြုတာမှာ လက်နဲ့ကာလိုက်လို့ တစ်ချက်က လက်ဖမိုးကို ထိသွားတယ်။ ပြီးတော့ ဝင်ခိုးတဲ့ အမျိုးသမီးက ကြောက်အား လန့်အားနဲ့ သတိလက်လွတ်ခုန်ချလိုက်တာမှာ ပြုတ်ကျတဲ့နေရာကနေ ဆေးရုံရောက်တဲ့အထိ သတိမရတော့ဘူး” လို့ ဖြစ်စဉ်အတွင်း မြေပြင်အခြေအနေကို ပြောပြပါတယ်။
သေဆုံးသူအမျိုးသမီးရဲ့ နေရပ်၊ အမည် ဘာမှမသိရှိရသေးဘဲ ရုပ်အလောင်းကိုတော့ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
