၃၀. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိ ရုံးဌာနအဆောက်အဦများအား မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ရုံးဌာန အဆောက်အဦများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း ၃ သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း စသည့်နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တာဝန်ယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတည်ပြုပေးသည့် မြို့ပြအင်ဂျင်နီယာများပါဝင်သော ပညာရှင်များအား ဖွဲ့စည်းတာဝန်ပေးအပ်၍ ခန့်မှန်းကုန်ကျငွေ (Estimate) များ တွက်ချက်ပြီး သက်ဆိုင်ရာ ပြုပြင်တည်ဆောက်ရေးအဖွဲ့မှတစ်ဆင့် “အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ” သို့ တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် ခန့်မှန်းကုန်ကျငွေအား လုပ်ငန်းပမာဏအရ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်ပုံမှတ်တမ်းများ စစ်ဆေးခြင်းတို့ဖြင့် တိုက်ဆိုင်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်ပိုင် အဆောက်အဦများအနက် ပြန်လည်ပြုပြင် အသုံးပြုနိုင်သည့် အဆောက်အဦများအား ပြန်လည်ပြုပြင် အသုံးပြုနိုင်ရေးနှင့် အသစ်ပြန်လည်တည်ဆောက်ရမည့် အဆောက်အဦများအား ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် တည်ဆောက်နိုင်ရေး တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၂၅ ဖြင့် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အဦများ သတ်မှတ်ချက်နှင့် မကိုက်ညီသည်ကို တွေ့ရှိသဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် မကိုက်ညီသည်ကို ပြန်လည်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားထားပြီးဖြစ်သလို နေပြည်တော် တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများအားလည်း တစ်ပတ်အတွင်း ဆက်သွယ်ရန် ဧပြီ ၂၆ ရက်က အသိပေးကြေညာထားပြီးဖြစ်သည်။
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီးနောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံတော်ပိုင် ရုံးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများနှင့် အထူးအဆောက် အဦများအား စစ်ဆေးနိုင်ရန် အဆင့်(၁)စစ်ဆေးရေးအဖွဲ့ (၁၈)ဖွဲ့၊ အဆင့်(၂) စစ်ဆေးရေးအဖွဲ့ (၁၁)ဖွဲ့နှင့် အထူးစစ်ဆေးရေးအဖွဲ့(၁၂)ဖွဲ့တို့ကို အမည်များနှင့်တကွ ဖွဲ့စည်းခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများနှင့်ပတ်သက်၍ ဤကော်မတီက ဖွဲ့စည်းပေးသည့် ကျွမ်းကျင်သူ ပညာရှင်များပါဝင်သည့် အဖွဲ့များဖြင့် စစ်ဆေးကာ အရောင်ခွဲခြားသတ်မှတ်မှု (အနီရောင်၊ လိမ္မော်ရောင်နှင့် အပြာရောင်) အဆင့်သတ်မှတ်ချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆောက်အဦများပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ် အင်အားရစ်ချ်တာစကေး ၈ ဒသမ ဝ ခံနိုင်ရည်ရှိသည့် အဆောက်အဦများဖြစ်အောင် ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ကြီး ဘေးဒဏ်ခံရသော နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် “အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ” များကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။





