
၃၀.၄.၂၀၂၅
Written By Zun
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆာဖိုရပ်ကွက်တွင် ဧပြီ ၂၈ ရက် ညသန်းခေါင် ဧပြီ ၂၉ သားချိုဇာတ်ပွဲ ကပြဖျော်ဖြေနေစဉ် လေပြင်းတိုက်ခတ်သောကြောင့် ဇာတ်ခုံထိခိုက်ပျက်စီးလဲပြိုကာ ဇာတ်ခုံပေါ်မှ ဆောင်းဘောက်များနှင့် ပစ္စည်းများ အောက်သို့ပြုတ်ကျရာမှ မြေးအဘွားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“အကုန် ဘာမှလုပ်မရတော့ဘူး။ ဘုရားဘုရား ဘာမှထပ်မဖြစ်ပါနဲ့တော့ဗျာ၊ ဘောက်စင်တွေလည်း ပြိုကျသွားပါပြီ”ဟု သားချို သဘင်က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသည့် ကလေးအား မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြရကြောင်း၊ ယင်းအပြင် ပွန်းပဲ့ထိရှ ဒဏ်ရာရသူများလည်း ဆယ်ဦးခန့်ရှိခဲ့ကြောင်း သိရသည်။
“မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဆားဖိုမှာ ၂၈ ရက်နေ့ညက သားချိုပွဲသဘင်ကပြနေတုန်း လေကြမ်းတိုက်ခိုက်လာခဲ့ပြီး ဇာတ်သဘင်ဖရိုဖရဲဖြစ်ခဲ့တယ်။ ကပွဲလာကြည့်ကြသူတွေ ထိခိုက်သူတွေရှိတယ်တဲ့။ ကလေးတစ်ယောက် ဘောက် ပိသွားတယ်။ကလေးရဲ့အဘွားကတော့ခေါင်းထိသွားတယ်လို့သိရတယ်”ဟု ရင်းငြိမ်ရွှေမြို့တော် က ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေရာအချို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် သန်းခေါင်ကျော်၊ ဧပြီလ ၂၉ ရက် နံနက် ၁ နာရီကျော်အချိန်က လေပြင်းထန်ကာ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အနောက်နှင့် အရှေ့ဘက်မှ လေပွေလှိုင်းများ၊ ကပ္ပလီနှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်လေဖိအားကြီးရပ်ဝန်းမှ လေအေးများတွေ့ဆုံမှုကြောင့် ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက် အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် တို့တွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
