
၃၀.၄.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း လီအန်နင်းပြည်နယ်အတွင်း၊ လျောင်ယန်းမြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ဧပြီလ ၂၉ ရက်၊ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာမှာ လူ ၂၂ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြလို့ နိုင်ငံအတွင်း အလားတူ လူသေဆုံးရတဲ့ဖြစ်ရပ်တွေအနက် အဆိုးဝါး ဆုံးလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဆင်ဟွာသတင်းဌာနက မီးလောင်ကျွမ်းရမှုအကြောင်း ရင်းကိုမဖော်ပြသော်လည်း အလေးအနက်ဆင်ခြင်သင်ခန်းစာယူရမယ့်ဖြစ်ရပ်တစ်ခုလို့ သမ္မတရှီကျင့်ဖိန်ကိုယ်တိုင်က ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သမ္မတရှီက ဒဏ်ရာရသူတွေကို ကောင်းစွာကုသစောင့်ရှောက်ပေးဖို့၊ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းဆုံးဖြတ်နိုင်ဖို့နဲ့ တာဝန်ရှိသူတွေကိုအရေးယူဖို့ ဒေသခံအာဏာပိုင်တွေကို ပြောခဲ့ပါတယ်။



မီးက ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီ၂၅ မိနစ် (၀၄၂၅ ဂျီအမ်တီ) မှာ စတင်လောင်ကျွမ်းခဲ့တာလို့ CCTV သတင်းဌာနကလည်း ပြောကြားခဲ့ပါတယ်။ မီးက လမ်းရဲ့လေးဘက်ရှိ စားသောက်ဆိုင်ရဲ့ မျက်နှာစာ ပိုင်းတစ်လျှောက် မီးခိုးလုံးတွေနဲ့ လောင်ကျွမ်းနေတာ ဗီဒီယိုတွေမှာ တွေ့ကြရပါတယ်။
လီအန်နင်းပြည်နယ် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဟွာဖန်းကလည်း မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ဝင် ၈၅ ဦးက မီးသတ်ကား ၂၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့လည်းပြောခဲ့ပါတယ်။
အခုမီးလောင်မှုက လွန်ခဲ့တဲ့နှစ်တွေအတွင်း အလားတူ လူအသေအပျောက်များတဲ့ နိုင်ငံအတွင်း မီးလောင်မှုတွေထဲမှာ အဆိုးဝါးဆုံးလည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလ အတွင်းမှာပဲ ဟီဘေးပြည်နယ်မှာ ဘိုးဘွားရိပ်သာတစ်ခုတည်ရှိရာ တိုက်ခန်းတွဲတစ်ခုမီးလောင်လို့ လူ ၂၀ ဦး သေဆုံးခဲ့ရပါသေးတယ်။
Ref-Xinhua
