




၃၀.၄.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဖန်ချက်ဝန်ဦးမြူးလမ်းရှိ Nisho အထည်ချုပ်စက်ရုံတွင် ယမန်နေ့ ဧပြီလ ၂၉ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား ပေ ၁၂၀၊ အနံ ပေ ၈၀ ရှိ Steel Structure တစ်ထပ်အဆောက်အအုံတွင် စက်ရုံလုံခြုံရေးမီးကို ပလပ်ပေါက်ထိုးကာ အသုံးပြုရာမှ ပလပ်ပေါက် Loose ဖြစ်၍ မီးပွားထွက်ပြီး အောက်ရှိ ပိတ်စလိတ်ပေါ်သို့ မီးပွားကျရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ တွေ့ရှိချက်အရ သိရသည်။
မီးလောင်မှုမှာတစ်နာရီခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၁၅ စီး၊ အထောက်အကူပြုယာဥ်တစ်စီး၊ ကွပ်ကဲမှုယာဥ်တစ်စီး၊ သန္ဓေအရန်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ဖြင့် Level 1 အဆင့် သတ်မှတ် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အဆောက်အအုံရှိ နေရာအနည်းငယ်နှင့် ပိတ်လိပ် ၁၀၀ ခန့်မီးလောင်ဆုံးရှုံးခဲ့သဖြင့် မန်နေဂျာဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားကို သောင်ကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
