
၂၉.၄.၂၀၂၅
Written By Zun
ဖျာပုံမြို့တွင် ကုန်တင်ကားဘရိတ်ပေါက်ရာမှ ယာဉ်သုံးစီးဆင့်တိုက်ခဲ့၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးမှု ယနေ့ ဧပြီလ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ဖျာပုံတံတားအဆင်း၊ ဖျာပုံမြို့မဈေးလေးအနီးတွင် ဖျာပုံတံတားပေါ်မှဆင်းလာသော ကုန်တင်ကားဘရိတ်ပေါက်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး အား ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဇနီးမောင်နှံနှစ်ဦးအား ဝင်တိုက်မိပြီးနောက် အငှားယာဉ် Taxi တစ်စီးကို ထပ်မံ ဝင်တိုက်မိရာ ယင်း Taxi က အုတ်၊ သဲ၊ ကျောက်ယာဥ်တစ်စီးကို ထပ်မံ တိုက်မိခဲ့ခြင်း ဖြစ်သည်။
ထိုယာဥ်တိုက်မှုကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် ဇနီးဖြစ်သူ အမျိုးသမီးမှာ ခန္ဓာကိုယ် ထက်ပိုင်းပြတ်လုနီးပါးဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခင်ပွန်း ဖြစ်သူ အမျိုးသားမှာ ပြင်းထန်ဒဏ်ရာများရရှိသောကြောင့် လူမှု ကယ်ဆယ်ကူညီရေး အဖွဲ့များက ဖျာပုံပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းသေဆုံးသူ အမျိုးသမီးမှာ ဖျာပုံမြို့ (၁၅)ရပ်ကွက် ရွှေသပြေ လက်ဖက်ရည်ဆိုင်မှ အသက် ၅၃ နှစ်ခန့်အရွယ်ရှိ ဒေါ်အေးအေးမြင့် ဖြစ်ကြောင်း သိရသည်။



“မနက် ၇ နာရီ လောက်က ဖြစ်တာ။ ဖျာပုံတံတား အဆင်းမှာ ကုန်ကားက ဘရိတ်ပေါက်ပြီးတော့ လင်မယား နှစ်ယောက်ကို ဝင်တိုက်တာ။ မိန်းမဖြစ်တဲ့သူက သေတယ်။ အမျိုးသားကလည်း ဒဏ်ရာ ပြင်းတယ်။ အခု ဆေး ရုံမှာ၊အခြေအနေ မကောင်းဘူး”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ ယာဉ် ၃ စီးဆင့်တိုက်မှုတွင် Taxi နှင့် အုတ်၊သဲ၊ ကျောက်ယာဉ်မှ ယာဉ်မောင်းများ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိကြကြောင်း သိရသည်။
