
၂၉. ၄. ၂၀၂၅
Written by Hey Mar
လသားအရွယ် ကလေးငယ်တစ်ဦးကို ပန်းခြံထဲ စွန့်ပစ်သွားတဲ့ဖြစ်စဉ် မနေ့က ဧပြီ ၂၈ ရက်နေ့ ည ၉နာရီအချိန်မှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အပိုင် ၅၆ လမ်း ဗိုလ်ချုပ်ပန်းခြံထဲမှာ ဖြစ်ပွားခဲ့တယ်လို့ ကလေးကို ခေါ်ယူစောင့်ရှောက်ထားတဲ့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ကလေးငိုသံကြားတဲ့ ဘေးနီးနားပတ်ဝန်းကျင်က လိုက်လံရှာဖွေရင်း တစ်လခွဲခန့်အသက်အရွယ်ရှိ ကလေးငယ်ယောကျ်ားလေးတစ်ဦးကို အပူရှိန်ရှိနေတဲ့မြေကြီးပေါ် အဝတ်ဟောင်းတစ်ထည်နဲ့ ထုပ်လျှက်တွေ့ရကြောင်း ပတ်ဝန်းကျင် အကြောင်းကြားချက်အရ လူမှုကူညီရေးအသင်းတွေက သူတို့ကွန်ရက်ချိတ်ဆက်ထားတဲ့ စက်ထဲကနေ ဖြန့်ဝေသတင်းပေးပို့တာကြောင့် အနီးဆုံးဖြစ်တဲ့ မြရည်နန္ဒာလူမှုကူညီရေးအသင်းက သွားရောက်ခေါ်ဆောင်လာခဲ့တာလို့ သိရပါတယ်။
“ကလေးကို မနက်ဖြန် ကျွန်တော်တို့ အခမဲ့ဆေးခန်းဖွင့်ရက်မို့ ဆေးခန်းက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြသပြီး လိုအပ်တဲ့ကာကွယ်ဆေးတွေ ဘာတွေ ထိုးဖို့လုပ်ပါမယ်။ အခုကတော့ ကလေးက ကျန်းမာတယ်။ အသံအောင်တယ်။ ငိုရင်အကျယ်ကြီးပဲ။ ဒါ့ကြောင့်လည်း သူ့ဒုက္ခကို သူများကြားအောင် အသံပြုနိုင်တာနေမှာ” လို့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုအောင်ဦးက MT News ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လတ်တလောမှာတော့ မန္တလေးမြို့ကလည်း ငလျင်ကြောင့် ထိခိုက်မှု အကြီးအကျယ်ခံထားရတဲ့ကာလမို့ ကလေးငယ်ထက် အခြေအနေဆိုးတဲ့ ဖြစ်ရပ်တွေနဲ့မိဘမဲ့ဂေဟာ တချို့မှာလည်း အခက်အခဲဖြစ်နေတဲ့ကလေးတွေ များနေလို့ အသင်းကပဲ စောင့်ရှောက်ထားဦးမယ်လို့လည်း သိရပါတယ်။ သားသမီးအရင်းသဖွယ် သေချာပြုစုစောင့်ရှောက်မယ့်သူမျိုးက တောင်းလာရင်တော့ စိစစ်ပြီး သက်ဆိုင်ရာကနေတစ်ဆင့်ပေးအပ်မယ်လို့လည်း ကလေးအခြေအနေနဲ့ ပတ်သတ်လို့ ကိုအောင်ဦးက ဆက်လက်ရှင်းပြပါတယ်။
