
၂၉.၄.၂၀၂၅
Written By Zun
မြန်မာအပါအဝင် နိုင်ငံခြားသားများအား ထိုင်းရဲအယောင်ဆောင်ငွေညှစ်နေသည့ ထိုင်းအမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထိုင်းရဲအယောင်ဆောင် ထိုင်းနိုင်ငံသားက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် နိုင်ငံခြားသား အလုပ် သမားများထံမှ အဖမ်းမခံလိုလျှင် ငွေပေးဟု ခြိမ်းခြောက် ငွေညှစ်နေသူ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်က ဘန်ကောက်မြို့၊ ခေါင်လင်မ်နယ်မြေနယ်တွင် ဖွင့်ထားသောစားသောက် ဆိုင်တစ်ဆိုင်၌ အလုပ်လုပ်နေသည့် နိုင်ငံခြားသား အလုပ်သမားများအား အဆိုပါ ထိုင်းအမျိုးသားက ထိုင်းရဲ အယောင်ဆောင်၍ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အဆိုပါ ဆိုင်၌ အလုပ်လုပ်နေသည့် နိုင်ငံခြားအလုပ်သမား ၅ ဦးအား အဖမ်းမခံရစေရန် ဘတ် ၅၀၀၀ ပေးဆောင်ရမည်ဟုပြောဆို၍ ဆိုင်ပိုင်ရှင်ထံမှ တောင်းယူကြောင်းလည်း သိရသည်။
အဆိုပါအမျိုးသားအား စစ်ဆေးရာ ဧပြီလ ၂၆ ရက်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခေါလင်မ်နယ်မြေရှိ စားသောက်ဆိုင်သို့ ဝင်ရောက်စားသောက်ခဲ့ပြီးနောက် သူက ထိုင်းရဲအရာရှိတစ်ဦးဖြစ်ကြောင်း ပြောဆိုကာ စားသောက်ရာတွင် ပေးဆောင်ရမည့် ငွေကြေးကုန်ကျစရိတ်ကို မပေးခဲ့ကြောင်းပေါ်ပေါက် သည်ဟု အဆိုပါ သတင်းများက ဖော်ပြကြသည်။
အဆိုပါ ထိုင်းအမျိုးသားအနေဖြင့် ယခင်ကလည်း မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျခဲ့ဖူးသူတစ်ဦးဖြစ် ကြောင်း၊ နိုင်ငံခြားသား အလုပ်သမားများကို ပစ်မှတ်ထား ငွေညှစ်နေသူ ဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါ အဆိုပါ ထိုင်းအမျိုးသားအား ဝပ်ဖယာကိုင်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
