ပုံစာ။ မီဇိုရမ်တွင် မူးယစ်ဆေးသယ်ဆောင်ဖြန့်ချိမှုဖြင့် ယခုလကုန်ပိုင်းက ဖမ်းဆီးခံရသည့် ချင်းလူမျိုးသားအမိ။
၂၉. ၄. ၂၀၂၅
Written by Nay Moe
အိန္ဒိယနိုင်ငံ၌ မူးယစ်ဆေးဝါးဖမ်းဆီးမိမှု ဖြစ်စဥ်များတွင် ဖမ်းမိသူများမှာ ချင်းလူမျိုးများသာ အများစုဖြစ်နေခြင်းကြောင့် အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကျေးဇူးသိတတ်စွာနှင့် မူးယစ်ဆေးဝါးဖောက်ကားမှုတွင် မပါဝင်ရန် ချင်းဒုက္ခသည်ကော်မတီက အသိပေးထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဖြစ်စဥ်အပြီး မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံ နယူးဒေလီ၊ မီဇိုရမ်၊ မဏိပူရနှင့် နာဂလဲန်းပြည်နယ်များတွင် ခိုလှုံလျက်ရှိနေသည်။ အိန္ဒိယနိုင်ငံသည် ဒုက္ခသည် ကွန်ဗင်းရှင်း (၁၉၅၁ ခုနှစ်) ကို လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားများကို ခိုလှုံခွင့်ပြုထားသောကြောင့် မိမိတို့ ချင်း ဒုက္ခသည်များကော်မတီမှ အထူးကျေးဇူးတင်ကြောင်းဖော်ပြထားသည်။
သို့ဖြစ်သောကြောင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံလျက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် လက်ခံကူညီစောင့်ရှောက်ပေးလျက်ရှိသော အိန္ဒိယနိုင်ငံသားမှလူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရအာဏာပိုင်များကို ကျေးဇူးသိတတ်သောအားဖြင့် (၁) မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းများတွင် လုံးဝ ပါဝင်ပတ်သက်ခြင်းမပြုရန်၊ (၂) တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ (၃) အိန္ဒိယ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၊ လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာလိုအပ်ချက်အရထုတ်ပြန်သော စည်းကမ်းများကို လိုက်နာကြရန်၊ (၄) မိမိတို့ နေထိုင်လျက်ရှိသော ပတ်ဝန်းကျင်ရှိ ဒေသခံများနှင့် လိုက်လျောညီထွေ ဆက်ဆံပေါင်း သင်းကြရန်၊ (၅) မြန်မာနိုင်ငံသား လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ကွန်မြူနတီအသီးသီးသို့ အထက်ပါအချက်များ လိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့်ဖြန့်ဝေပေးစေလိုကြောင်း ချင်းဒုက္ခသည်ကော်မတီ (နယူးဒေလီ)က အသိပေးအကြောင်းကြားထားသည်။
ပုံစာ။ ချင်းဒုက္ခသည်ကော်မတီ ထုတ်ပြန်ချက်နှင့် မီဇိုရမ်တွင် မူးယစ်ဆေးသယ်ဆောင်ဖြန့်ချိမှုဖြင့် ယခုလကုန်ပိုင်းက ဖမ်းဆီးခံရသည့် ချင်းလူမျိုးသားအမိ။




