၂၉.၄.၂၀၂၅
Translated by Htwe Ko Tun
Iberian ကျွန်းဆွယ်ဒေသအတွင်း စပိန်နိုင်ငံနဲ့ ပေါ်တူဂီနိုင်ငံတို့မှာ ဧပြီလ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၂ မိနစ်က လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်ခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ အရေးပေါ်အခြေအနေတွေ ကြေညာခဲ့ရတဲ့အဖြစ် ရောက်ခဲ့ရရာက ဧပြီလ ၂၉ ရက်နံနက်ပိုင်းမှာတော့ နေရာတော်တော်များများမှာ လျှပ်စစ်မီးတွေ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းကစလို့ လျှပ်စစ်မီးပြတ်တောက်သွားခဲ့မှုကြောင့် စပိန်နိုင်ငံမြို့တော် မက်ဒရစ်နဲ့ ပေါ်တူဂီနိုင်ငံမြို့တော် လစ်စဘွန်းတို့အပါအဝင် Iberian ကျွန်းဆွယ်ဒေသအတွင်း နှစ်နိုင်ငံစလုံးက နေရာအများအပြားမှာ ဓာတ်အားပြတ်တောက်မှုတွေဖြစ်ခဲ့ရပါတယ်။ လူအများအပြားဟာလည်း ရေ၊ ဝိုင်ဖိုင်စနစ်နဲ့ မိုဘိုင်းဖုန်းကွန်ရက်ရရှိမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လေဆိပ်တွေပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ်တွေ ရပ်နားခဲ့ရပါ တယ်။ မြေအောက်ရထားတွေလည်း ရပ်ဆိုင်းသွားခဲ့ကာ မိုဘိုင်းဖုန်း ကွန်ရက်တွေပြတ်တောက်ပြီး ATM ငွေထုတ်စက်တွေလည်းအသုံးပြုလို့မရဖြစ်ခဲ့တယ်လို့သိရပါတယ်။ သောင်တင်နေတဲ့ခရီးသွားတွေဟာ မြေအောက်ဘူတာရုံတွေ၊ လေဆိပ်တွေ၊ အားကစားစင်တာတွေမှာ ညအိပ်ခဲ့ကြရတယ်လို့ သိရပါတယ်။
အခုလို စပိန်နိုင်ငံနဲ့ ပေါ်တူဂီနိုင်ငံတို့မှာ မကြုံစဖူးဖြစ်ပွားခဲ့တဲ့ လျှပ်စစ်မီးပြတ်တောက်မှုရဲ့ အကြောင်းရင်းကို မပြောနိုင်သေးပေမယ့် ပေါ်တူဂီနိုင်ငံရဲ့ ဓာတ်အားပေးအော်ပရေတာ REN ကတော့ စပိန်နိုင်ငံရဲ့ အတွင်းပိုင်းမှာ ပြင်းထန်တဲ့အပူချိန်ပြောင်းလဲမှုတွေက မဟာဓာတ်အားလိုင်းနယ်မြေအတွင်းရှိလေထုကို တုန်ခါမှုတွေဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုတုန်ခါမှုတွေကြောင့် လျှပ်စစ်ဓာတ်အားထောက်ပံ့ရေးစနစ်တွေကြား ထပ်တူကျစေပြီး အပြန်အလှန်ချိတ်ဆက်ထားတဲ့ ဥရောပ လျှပ်စစ်ကွန်ရက်တွေတစ်လျှောက် ဆက်တိုက်အနှောင့်အယှက်တွေဖြစ်စေခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်နံနက်မှာတော့ နှစ်နိုင်ငံစလုံးမှာ လျှပ်စစ်ဓါတ်အားများ ရာနှုန်းပြည့်နီးပါး ပြန်ရခဲ့ကြပေမယ့် လျှပ်စစ်မီးပြတ်တောက်မှုရဲ့ အဓိကအကြောင်းရင်းကိုတော့ မပြောနိုင်ကြသေးဘူးလို့ သိရပါတယ်။
Ref-The Independent



