၂၉ .၄ .၂၀၂၅
Written by Thiri
ဒီနေ့ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ တောင်ကျရေစီးဆင်းမှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေ မြင့်တက်လာနေပြီး မြို့ပေါ် ရပ်ကွက်တချို့ထဲကို ရေစတင်ဝင်ရောက်လာနေတယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ မယ်ဆိုင်ချောင်းရေ အမှတ်က (၂၈၀) စင်တီမီတာကို ရောက်ရှိနေပြီး ချောင်းရဲ့ စိုးရိမ်ရေမှတ်က (၃၉၀) စင်တီမီတာဖြစ်ကာ ၃၄၀ စင်တီမီတာလောက်ရောက်ရင်ကို ရေကြီးရေလျှံမှုက စတင်ဖြစ်ပေါ်နေပြီလို့လည်း ဒေသခံတချို့ထံကနေ သိရပါတယ်။ ချောင်းရေတက်လာတာနဲ့အတူ တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ တာလော့ရပ်ကွက်ရှိ အိမ်အချို့နဲ့ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်တွေရဲ့နေရာအချို့မှာ ရေစတင်ဝင်ရောက်နေပြီလို့လည်း သိရပါတယ်။
“ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မှာ ဆုံးရှုံးမှုများခဲ့တယ်။ တချို့ လမ်းတွေ မြောင်းတွေ နုန်းတင်ကျန်ခဲ့တာတောင် အကုန်ရှင်းလင်းလို့ အခြေတကျမဖြစ်သေးဘူး။ မနှစ်ကဆို ဇူလိုင်လကတည်းက ရေကြီးရေလျှံမှု ခံစားရတာ အောက်တိုဘာလအထိဆို ၈ ကြိမ်လောက်ရှိမယ်။ ရေကတစ်ပတ်လောက်၊ ဆယ်ရက်လောက် ပြန်မဆင်းတော့ အလုပ်အကိုင်ပျက် ၊ ဆင်းပြန်တော့လည်း နုန်းတွေ ရွံ့တွေတင်ကျန်ခဲ့တာက မြင်မကောင်းအောင်ပဲ” လို့ တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်မှာ နေထိုင်သူ အသက် ၃၅ အရွယ် အမျိုးသမီးက မနှစ်က မိုးတွင်းမှာ ဖြစ်ပျက်ခံစားခဲ့ရတာကို ပြန်လည်ပြောပြပါတယ်။
တာချီလိတ်မြို့မှာ ရပ်ကွက်ကြီး ၁၁ ခုရှိပြီး ချောင်းရေတက်လာပါက ၇ ရပ်ကွက်လောက်က ရေမြုပ်ကြောင်း၊ ရေဝင်တဲ့ ရပ်ကွက်တွေက တာလော့၊ မကာအိုခမ်း၊ ဆန်ဆိုင် (က)၊ မယ်ဆိုင်၊ ပုံးထွန် စတဲ့ လေးရပ်ကွက်က အနိမ့်ပိုင်းဖြစ်နေပြီး ချောင်းဘေးတစ်လျှောက်ရပ်ကွက်တွေလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တာချီလိတ်မြို့ ရေကြီးရေလျှံမှုဖြစ်စဉ်တွေကို အလျင်အမြန်ကုစားနိုင်ဖို့အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက မယ်ဆိုင်ချောင်းကို ကွင်းဆင်းစစ်ဆေးရာ တာချီလိတ်-မယ်ဆိုင် ဒေသခံပြည်သူအချို့က မယ်ဆိုင်ချောင်းကို မြေဖို့ကာ အဆောက်အဦတွေတည်ဆောက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး နှစ်နိုင်ငံ နယ်နမိတ်မျဉ်းကို ပြန်လည်သတ်မှတ်ခဲ့ကြပြီးတဲ့နောက် ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ကျူးကျော်ဆောက်လုပ်ထားတဲ့ သူတို့ ပြည်သူတွေကို နေရာပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းလည်း သိရပါတယ်။



