၂၉.၄.၂၀၂၅
Written By Zun
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ရင်သွေး ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)ကို လေလံကြမ်းခင်းဈေး ကျပ် ၂၇၀ ဘီလျံအထိ လျှော့ချ၍ ယနေ့ ဧပြီလ ၂၉ ရက်တွင် လေးကြိမ်မြောက် လေလံပစ်ခဲ့သော်လည်း လေလံဆွဲ ဝယ်ယူရဲသူမရှိခဲ့ကြောင်း သိရသည်။
ယင်း အမွေဆိုင်တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)၏ လေလံကြမ်းခင်းဈေးကို ကျပ်၂၉၇ ဘီလျံမှ ကျပ်ဘီလျံ ၂၇၀ သို့ လျှော့ချရန် ပြီးခဲ့သည့် မတ်လ ၂၅ ရက် ရုံးချိန်းတွင် တရားရုံးက အတည်ပြုသတ်မှတ်လိုက်ပြီးနောက် ယနေ့ထပ်မံ လေလံ ပစ်ခဲ့ခြင်းလည်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
“ဒီနေ့ မနက် ၁၀ နာရီက လေလံပစ်တယ်။ အချိန် ၂ မိနစ် ကြာတယ်။ ၂၇၀ ဘီလျံနဲ့ လေလံပစ်တာ။ လေလံ မအောင်ဘူး။ ဆွဲမယ့်သူမရှိဘူး။ မနက်ဖြန် အစီရင်ခံစာတင်ရမယ်။ တင်ပြီးရင် ဈေးနှုန်းကို လျှော့ရမယ်ဆိုလည်း လျှော့ဖို့ တရားနိုင်ကို မေးရဦးမယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) လေလံဈေးနှုန်းကို ပြန်လည် ပြင်ဆင်ရန် တင်ပြထားသောကြောင့် လာမည့်တစ်ပတ် တရားရုံးချိန်းတွင် အတည်ပြုမပြု ဆုံးဖြတ်မည် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်းသိရသည်။
ခြံအမှတ်(၅၄)ကို ကျပ် သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (ကျပ် ၃၁၅ ဘီလျံ)ဖြင့် ပြီးခဲသည့် ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က ပထမအကြိမ် အဖြစ်လည်းကောင်း၊ ယင်းနောက် ကျပ်ငွေ ၃၁၅ ဘီလျံ အစား၂၈၅ ဘီလျံသို့ပြောင်းလဲ ပြင်ဆင်ခဲ့သော်လည်း တရားရုံးက ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ အဖြစ် သတ်မှတ်သောကြောင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဒုတိယအကြိမ် လေလံကို ကျပ်ဘီလျံ ၃၀၀ ဖြင့် လေလံပစ်ခဲ့သော်လည်း မအောင်ခဲ့ကြောင်း၊ ယင်း ဒုတိယအကြိမ်လေလံပြီးနောက် ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကို ကျပ်ဘီလျံ၂၉၀ သို့ လျှော့ချရန် ဦးအောင်ဆန်းဦးဘက်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ရုံးချိန်းတရားရုံး၌ တင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဒီ ဇင်ဘာ ၁၈ ရက်ရုံးချိန်းတွင် ၃ ဘီလျံလျှော့ချပြီး ၂၉၇ ဘီလျံဟု တရားရုံးက သတ်မှတ်သဖြင့် ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်က ပြုလုပ်သည့် တတိယအကြိမ်လေလံတွင် ကျပ်ဘီလျံ ၂၉၇ ဘီလီယံဖြင့်လည်းကောင်းလေလံ ထပ်ပစ်ခဲ့ရာ မအောင်မြင်ပြန်သဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဦးအောင်ဆန်းဦးဘက်က ဈေးနှုန်း လျှော့ချတင်ပြခဲ့သည့်အပေါ် မတ်လ ၂၅ ရက် ရုံးချိန်းတွင် တရားရုံးက ကျပ် ဘီလျံ ၂၇၀ သို့ လျှော့ချခြင်းကိုအတည်ပြု သတ်မှတ်လိုက်ပြီးနောက် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်တွင် စတုတ္ထအကြိမ် လေလံပစ်ခဲ့ခြင်း ဖြစ်ကြောင်း MT News က အသီးသီးဖော်ပြခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် အဆိုပါခြံကို လေလံပစ်သည်မှာ လေးကြိမ်ရှိပြီ ဖြစ်သော်လည်း လေလံဆွဲဝယ်ယူရဲမည့်သူ ယနေ့အချိန်အထိ မရှိခဲ့ပေ။




