၂၉. ၄. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းအတွင်း စက်မှုလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁ သန်းခွဲကျော်ရှိ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ ၂၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်း၌ ၈၀ ရာခိုင်နှုန်းရောင်းချမည့် သစ်အခြေခံသော သစ်သားပြားအမျိုးမျိုးနှင့် ပရိဘောဂအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁,၀၀၅ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်သည့် ကုမ္ပဏီ ၃ ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

