◾ ဆိုင်အတွင်းက PDF လက်နက်ကိုင်ဟု ယူဆရသူများနှင့် မြန်မာ ၁၅၀ ကျော် တွေ့ရှိ စစ်ဆေးနေ
၂၉.၄.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ မဟာချိုင်တွင် အာစီနန်းတော် မြန်မာဘားဟု လူသိများသော HAPPY BAR KTV & Club ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးရာ သေနတ်၊ကျည်ဆံနှင့် မူးယစ်ဆေးဝါးများဖမ်းမိခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၈ ရက် ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း စမွတ်ဆာခွန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ရေးသားထားသည်။
ဝင်ရောက် စစ်ဆေးမှုပြုလုပ်ရာတွင် စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူးကဦးဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် အသုံးပြုကြောင်း၊ အဆိုပါ ဆိုင်အတွင်းမှ မြန်မာနိုင်ငံသား ၁၅၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။
စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနေဖြင့် တရားဥပဒေနှင့် မကိုက်ညီသော သေနတ်၊ ကျည်ဆံ၊ မူးယစ်ဆေးဝါးများ တွေ့ရှိရကြောင်း ထုတ်ပြန်ထားသော်လည်း ယင်းနှင့် ပတ်သက်၍ မည်သို့ ဆက်လက်ဆောင်ရွက်သည်ကို ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ဒေသတွင်း သတင်းများတွင် ပါရှိသည်။
ထိုင်းနိုင်ငံ မဟာချိုင်တွင် အာဆီနန်းတော် မြန်မာဘားဟု လူသိထင်ရှားသော “HAPPY BAR KTV & Club” ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းနှင့် ဘား၊ ကာရာအိုကေ၊ ဘိလိယက်ခုံများ ရှိသော နေရာဖြစ်ကြောင်း သိရသည်။
အဆိုပါဘားပိုင်ရှင်မှာ မကြည် အမည်ရှိ မြန်မာအမျိုးသမီးပိုင်ဆိုင်ပြီး အမျိုးသားတစ်ဦးက စီမံခန့်ခွဲကြောင်း၊ ဝင်ရောက်စစ်ဆေးခံရသော်လည်း ဘာမှမဖြစ်ကြောင်း မကြည်အကောင့်ပိုင်ရှင်က လူမှုကွန်ရက်တွင် စစ်ဆေးသူများနှင့် ယှဥ်တွဲဓာတ်ပုံရိုက်ကာ ဖော်ပြထားသည်။









