၂၉. ၄. ၂၀၂၅
Written by Nay Moe
ရွှေဘိုက ငါးမည်ရ PDF အဖွဲ့က မိတ္ထီလာက PDF ဒရုန်းတပ်အဖွဲ့ဝင် ၃ ဦးကို ငွေလိမ်မှုနဲ့ဖမ်းဆီးရာမှာ မိသားစုဝင်အမျိုးသမီး ၂ ဦးကိုပါ ဖမ်းဆီးသွားလို့ အမျိုးသမီး ၂ ဦးကို ချက်ချင်း ပြန်လွှတ်ဖို့ Shield အမျိုးသမီးအဖွဲ့က တောင်းဆိုထားပါတယ်။
ရွှေဘိုမြို့နယ်၊ တိုက်နယ် (၅)၊ တက်တူကျေးရွာမှာ တည်ရှိတဲ့ “ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ည ၉ နာရီခန့်က မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှာ ကိုယ်ပိုင်အမှတ်နဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ PDF (၃) ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် အမျိုးသမီး (၂) ဦးကို တက်တူကျေးရွာနေအိမ်မှ “ငွေကြေးလိမ်လည်မှု”နဲ့ စွပ်စွဲကာ ခိုင်လုံသက်သေအထောက်အထား ပြသခြင်းမရှိ၊ NUG ရဲ့ ဖမ်းဆီးခွင့်အမိန့်စာ (ဖမ်း၀ရမ်း) မပါဘဲ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဧပြီလ ၂၀ ရက်မှာ PDF (၃) ဦးကို မိခင်တပ်ရင်းဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ပေမဲ့ ဖမ်းသွားတဲ့ PDF တွေရဲ့ မိခင်နဲ့ ဇနီးဖြစ်ကြတဲ့ အမျိုးသမီး (၂) ဦးကို ထိပ်တုံးခတ် ဆက်လက်ချုပ်နှောင်ထားပြီး မိသားစုဝင်တွေ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့် လုံးဝမပေးဘဲ ဧပြီ ၂၈ ရက်အထိ (၉) ရက်ကြာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရှိ/Shield အမျိုးသမီးအဖွဲ့က တောင်းဆိုချက်အဖြစ် အဓမ္မဖမ်းဆီးခံထားရတဲ့ အမျိုးသမီး (၂) ဦးကို ကျန်းမာရေးနဲ့ လုံခြုံမှုအခြေအနေ အာမခံချက်နဲ့ ချက်ချင်းလွှတ်ပေးဖို့၊ မိသားစုဝင်တွေ၊ တရားဝင်တာဝန်ရှိသူတွေနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပြုဖို့၊ ဖမ်းဆီးခေါ်ဆောင်သွားစဉ်က သိမ်းယူသွားခဲ့တဲ့ အိမ်ဂရမ်၊ တယ်လီဖုန်း၊ ငွေသား သိန်း (၅၀) ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးအပ်ဖို့၊ ဖမ်းဆီးရတဲ့ အကြောင်းရင်းနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို ပွင့်လင်းမြင်သာစွာ ကြေညာဖို့ တောင်းဆိုထားပြီး ဒီလုပ်ရပ်က PDF တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်း (တတိယသဘောတူညီချက်) ရဲ့ စာပိုဒ် ၁၊ ၂ အရ “အမျိုးသမီးများအား လူသားချင်းစာနာထောက်ထားမှုနှင့်အညီ ဆက်ဆံရမည်ဟု သတ်မှတ်ထားသည့် စည်းမျဉ်းများကို ချိုးဖောက်ခြင်း”ဖြစ်ပြီး၊ စာပိုဒ် ၇၅၊ ပရိုတိုကော (၁) မှ ဖော်ပြထားတဲ့ “အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် လုံခြုံရေးအာမခံချက်များကိုလည်း ထိပါးနေတယ်” ဆိုပါတယ်။
ဒါ့အပြင် Shield အဖွဲ့အနေနဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးများကို ဓားစာခံအဖြစ် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း သို့မဟုတ် တရားမဝင် ချုပ်နှောင်ခြင်းတွေကို အထူးရှုတ်ချကြောင်းနဲ့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသမီး (၂) ဦး ချက်ချင်းလွတ်ပေးဖို့၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေ လေးစားလိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
