၂၉.၄.၂၀၂၅
Written By Zun
အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၇၂ ဦးကို မိုဘိုင်းလ်ဖုန်း အလုံး ၃၀၀ ကျော်၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ၃၀ ကျော်ဖြင့် ဖမ်းမိခဲ့ကြောင်း “ဝ”လက်နက်ကိုင်တပ်ဖွဲ့မှ သိရသည်။
UWSA အနေဖြင့် အဆိုပါ တရုတ်နိုင်ငံသားများအား ဧပြီလ ၂၅ ရက်က နယ်စပ်ဂိတ်ရှိရာ Meng’a ဆိပ်ကမ်းကတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်စပ်ပစ္စည်းများနှင့် အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း UWSA က ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်း တရုတ်နိုင်ငံသားများမှာ မြန်မာနယ်စပ်ဒေသများကတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် သတင်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ တည်နေရာ (၄) ခုတွင် တရုတ်နိုင်ငံသား ၇၂ ဦး၊ မိုဘိုင်းလ်ဖုန်း ၃၀၁ လုံး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ၃၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ယခု ဧပြီလ ပထမပတ်ကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ (၄၈) ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း UWSA က ထုတ်ပြန်ထားသည်။
Photo-WSP











