၂၉. ၄ .၂၀၂၅
Written by Hey Mar
အငြိမ်းစားပါမောက္ခ အမျိုးသမီးကြီးကို အသိမိတ်ဆွေအိမ်ခြံမြေပွဲစားက အိမ်လိုက်ကြည့်ဖို့ ခေါ်ဆောင်ကာ လုယက် သတ်ဖြတ်လိုက်တဲ့ဖြစ်စဉ် မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ၊ အိမ်ခြံမြေ ရောင်းဝယ်သူ အငြိမ်းစား ပါမောက္ခ ဒေါက်တာထွေးထွေး ဆိုသူဖြစ်ပြီး အသက် ၆၆နှစ်အရွယ် တစ်ကိုယ်တည်းနေထိုင်ကာ အိမ်ခြံမြေအလုပ်ကို လုပ်ကိုင်နေသူလို့ သိရပါတယ်။ ၂၅ ရက်နေ့ နေ့လယ်ပိုင်းအထိ မိသားစုနဲ့ အဆက်အသွယ်ရရှိပေမယ့် အဲဒီနောက်ပိုင်း အဆက်အသွယ်ပြတ်နေရာက ဧပြီ ၂၇ ရက်နေ့မှာမှ သတ်ဖြတ်ခံထားရမှန်းသိရှိကြတာလို့လည်း သိရပါတယ်။
သေဆုံးသူရဲ့ တူမ တစ်ဦးဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ “အလှတအားကြိုက်တဲ့ အဒေါ်အပျိုကြီး။ ရွှေတအားစုတဲ့ အဒေါ်အပျိုကြီး တယောက်တည်းကို အိမ်တွေအများကြီး။ မနေဘဲ ဘာလို့ဝယ်ထားရတာလဲ ငယ် ခဏခဏမေးဖူးတယ်။ Investment ပါ သမီးငယ်ရယ်တဲ့။ ဘယ်လောက်များ စားနိုင်မှာမို့ တအားတွေစု၊ တအားတွေ ဝယ်၊ အိမ်ဝယ်ရောင်းတွေလုပ် ဘယ်ကလေကဝ အိမ်ခြံမြေတွေနဲ့ ပေါင်းပြီးလုပ်နေလဲ ကိုယ်လည်း မသိရ။ ငလျင်ဖြစ်တော့ နေနေတဲ့ မဂ်လာရန်ကင်းအခန်းကနေ ပုသိမ်ကြီးဘက် ပြောင်းနေတယ်။ မနော်ဘက်က သူ့ပိုင် တိုက်တွေကို အိမ်ငှါးတင်ထားတော့ အဲ့တိုက်တွေပေါ်ပြန်တက်နေလို့လည်း မရ။ လုံးချင်းအိမ် မြေအလွတ်တွေ အဝယ်ကောင်း၊ ဝါသနာအပါကောင်းလိုက်တာလေ။ ခုတော့ အဲ့ အိမ်ပွဲစားရဲ့ ရက်ရက်စက်စက် ရိုက်နှက်လုပ်ကြံလုယက်တာ ခံရပါပေါ့လား ဒါ့ကြောင့် ကိုယ့်ရှိတာလူမသိစေနဲ့။ ထုတ်လည်းမပြနဲ့။ မဝတ်စားပြနဲ့။ သိုသိုသိပ်သိပ်နေဖို့ ဒီတူ၊ တူမတွေ မှာလည်း နားမထောင်ခဲ့ပါဘူး။ တော်တော်လည်း ဖြေမဆည်နိုင်ဖြစ်ရပါတယ်။ ဘဝသစ်မှာ လူရောစိတ်ရော ချမ်းသာ ကျန်းမာပျော်ရွှင်စွာနဲ့ အခြွေအရံပေါများတဲ့ သူဌေးမကြီး ဖြစ်ပါစေ အန်ထွေးရေ” ဆိုပြီး ရေးသားထားပါတယ်။
MT News ကအဆိုပါ တူမဆိုသူရဲ့ လူမှုကွန်ရက်ကနေတဆင့် ဆက်သွယ်မေးမြန်းရာမှာတော့ “မပြောလိုသေးကြောင်းနဲ့ ရက်မလည်သေးတာကြောင့် နားလည်ပေးဖို့ ပြောသလို သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်ကာ တရားခံဖမ်းဆီးရမိရေးကြိုးပမ်းနေကြောင်း” ပြန်လည်ဖြေကြားပါတယ်။






