
၂၈. ၄ .၂၀၂၅
Written by Thiri
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ သုံးနှစ်သားအရွယ်ကလေးငယ်ကို မျက်နှာ၊ ကျောကုန်း၊ ခန္ဓာကိုယ်အနှံ့ ထုထောင်းရိုက်နှက်နေတဲ့ မိခင်ဆိုသူရဲ့ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့လာခဲ့ပြီး ဖြစ်ရပ် ဖြစ်ပွားတဲ့နေရာက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့လမ်းဆုံမှာလို့လည်း အဆိုပါရုပ်သံရိုက်ကူးနေသူ အမျိုးသမီးက ဗွီဒီယိုထဲမှာ ပြောပြနေတာပါ။
ရုပ်သံရိုက်သူ အမျိုးသမီးရဲ့ ပြောစကားက “ထောက်ကြန့်လမ်းဆုံမှာ ကလေးနှစ်ယောက်ကို လိုက်တောင်းခိုင်းပြီး နောက်ထပ်ကလေးအငယ်လေးတစ်ယောက် ပျောက်သွားလို့ အကြီးကို ရိုက်နေတာတဲ့” ဆိုတဲ့ စကားတွေ ပြောနေတာပါ။ ရုပ်သံထဲမှာလည်း မိခင်က လူတွေ ဝိုင်းကြည့်နေတဲ့ကြားကနေ ကလေးကို တအားရိုက်နေသလို ကလေးကလည်း နာလို့ အော်ဟစ်ငိုယိုနေတာမို့ ကြည့်ရှု့သူတွေ ကရုဏာသက်စရာ၊ ဒေါသထွက်စရာ ဖြစ်စေခဲ့ပြီး လူမှုကူညီရေးအသင်းတွေကလည်း အဆိုပါသားအမိကို အကူအညီပေးနိုင်ဖို့ ဝိုင်းဝန်းရှာဖွေနေခဲ့တာပါ။
ဒီနေ့ ဧပြီလ ၂၈ ရက်နေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက အဆိုပါ သားအမိကို ရှာဖွေတွေ့ရှိ ကူညီမယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြလာပါတယ်။




“ရိုက်ခံရတဲ့ ကလေးနဲ့ အမေကို ဒီနေ့ တွေ့ခဲ့ပါတယ်ရှင်…။ သားလေးက (၃) နှစ်ကျော်ဖြစ်ပြီး အမေအရင်း လည်းဖြစ်ကာ ကလေးက နို့စို့နေဆဲဖြစ်ပါတယ်..။ တစ်နှစ်အရွယ် မိန်းကလေးပျောက်သွားတဲ့အတွက် ဒီသားလေးကို ရိုက်မိပါကြောင်းလည်း ဝန်ခံပါတယ်…။ အမေက (၂၆) နှစ်ပဲ ရှိသေးကာ မိခင်အရင်းလည်းဖြစ်ပြီး ခိုကိုးရာမဲ့လည်းဖြစ်တာမို့ သေချာ နားချ ပြောပြကာ ကလေးလည်းကျောင်းထားပေးပြီး အခန်းငှား၍ အလုပ်ရှာပေးမည့် အစီအစဉ်ကို သဘောတူ လက်ခံပါသောကြောင့် ကျွန်မရဲ့ စောင့်ရှောက်မှုအောက်သို့ ခေါ်ယူပေးထားပါတယ်ရှင်..။ ထပ်မံ၍လည်း အမှားများ မကျူးလွန်အောင် ပညာပေးဆုံးမ ပြောဆို စောင့်ကြည့်ထားမည် ဖြစ်ပါတယ်..” လို့ ရေးသား အသိပေးလာပါတယ် ။
ကလေး မိခင်က သူ့အမှားကိုလည်း သေချာ တောင်းပန်ပြီး ခံဝန်များလည်း ထိုးထားကြောင်း၊ မိခင်ကို ခွင့်လွှတ်မေတ္ထာ ထားပေးဖို့လည်း မေတ္တာရပ်ခံထားပြီး သူမဘက်ကလည်း စောင့်ကြည့်အနေအထားနဲ့ ဆက်လက် စောင့်ရှောက်ပေးထားမှာ ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ ပြောပြအသိပေးထားပေမယ့် အဆိုပါ မိခင်ရဲ့ ပျောက်ဆုံးသမီးငယ် ပြန်လည် ရှာမတွေ့သေးဘဲ ဆက်လက်ရှာ ဖွေပေးသွားမယ်လို့လည်း ပြောကြားထားပါတယ်။
