
၂၈. ၄. ၂၀၂၅
Translated by Thettant
ထိုင်းအစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် လုံခြုံရေး တင်းကျပ်မှုများကြားမှပင် မွတ်ဆလင်အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ ယာလပြည်နယ်တွင် မွတ်ဆလင်သူပုန်တို့၏ တိုက်ခိုက်မှု နှစ်ကြိမ်ကြောင့် ရဲအရာရှိနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ထိုတိုက်ခိုက်မှုနှစ်ခုမှာ ဧပြီ ၂၈ ရက်သို့ ကူးစ တနင်္ဂနွေညသန်းခေါင်ကျော်အချိန်နှင့် တနင်္လာနေ့ နံနက်ပိုင်းအကြား ယာလပြည်နယ်တွင် မွတ်ဆလင်သူပုန်ဟု သံသယရှိသူတို့၏ သီးခြားစီ တိုက်ခိုက်မှု နှစ်ခုကြောင့် ရဲအရာရှိ နှစ်ဦးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပထမ တိုက်ခိုက်မှုသည် ဘန်နန်းဆာတာခရိုင်၊ တာလင်းချန်မြို့နယ်ရှိ ယာလာ-ဘန်နန်းဆာတာလမ်းမပေါ်ရှိ ကုန်စုံဆိုင်တစ်ခုတွင် သန်းခေါင်ယံအလွန်၌ ဖြစ်ပွားခဲ့ကာ အသက် ၃၄ နှစ်အရွယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် သီရာဝတ် ဖုတ္တရာ့သည် မူး (၁) ရွာရှိ ၎င်း၏ အခြေစိုက်စခန်းမှ မီတာ ၃၀၀ အကွာတွင် သေဆုံးခဲ့သည်။

ရဲတပ်ဖွဲ့က သီရာဝတ်သည် ညသန်းခေါင်ယံ ၁၂ နာရီကျော်တွင် အနီးရှိ ဆိုင်၌ ပစ္စည်းများ ဝယ်ယူရန် ၎င်း၏ အခြေစိုက်စခန်းမှ ထွက်ခွာသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းရောက်ရှိချိန် ၁၂ နာရီ မိနစ် ၄၀ ခန့်အချိန် လမ်းဘေးရှိ မြက်ပင်ရှည်များကြား ပုန်းအောင်းနေသော မွတ်ဆလင်သူပုန်အများအပြားက ၎င်း၏ကားကို ပစ်ခတ်ခဲ့ရာ သီရာ၀တ်မှာ ယာဉ်မောင်းထိုင်ခုံတွင် သေဆုံးခဲ့သည်။ ထို့နောက် မွတ်ဆလင်အကြမ်းဖက်သမားများသည် ယာဉ်ကို မီးရှို့ပြီး ထွက်ပြေးသွားခဲ့သည်။

ဒုတိယ တိုက်ခိုက်မှုသည် ယာလပြည်နယ်၏ သန်ထိုခရိုင်တွင် နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ Barisan Revolusi Nasional (BRN) မွတ်ဆလင်သူပုန်အဖွဲ့ဟု ယူဆရသူများသည် လမ်းဘေးတွင် မြှုပ်နှံထားသော လက်လုပ်မြေမြှုပ်မိုင်းကို နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သံချပ်ကာယာဉ်အား ပစ်မှတ်ထား၍ ဖောက်ခွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် လမ်းမတွင် ကြီးမားသော ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကလည်း မီတာအနည်းငယ် လွင့်စင်သွားကာ တိမ်းမှောက်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ရဲအရာခံဗိုလ်ကြီး အစ္စရက် အင်သရာပက်နှင့် ရဲအရာခံဗိုလ် မွန်ပီတက် ဖက်နွီတို့ ချက်ချင်း သေဆုံးခဲ့ပြီး အခြားရဲအရာခံဗိုလ် ဖာနုဝပ် ဝက်ချ်ပါဆန်မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
ယခုဖြစ်စဥ်များသည် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်၊ ဆဘားယွိုင်ခရိုင်ဘုန်းကြီးကျောင်းအနီးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် သာမဏေများ ဆွမ်းခံထွက်စဉ် မွတ်ဆလင်အကြမ်းဖက်တို့၏ ပစ်ခတ်ခံရပြီး ရဲအရာရှိ၏သား သာမဏေငယ်တစ်ပါး သေဆုံးခဲ့သည့် ဖြစ်စဥ်အပြီး တစ်ပတ်အကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ထိုဖြစ်စဉ်နောက်ပိုင်း ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝေချယာချိုင်းက လုံခြုံရေး အစီအမံများ တင်းကျပ်ရန် အမိန့်ပေးထားသော်လည်း ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ကာ ရဲအရာရှိများပါသေဆုံးခဲ့ရခြင်းလည်းဖြစ်သည်။ ဖွန်သမ်က ထိုင်းအစိုးရသည် မွတ်ဆလင်သူပုန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ်ပြုထားကြောင်း ထပ်လောင်းပြောကြားခဲ့သော်လည်း အကြမ်းဖက်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေရသည်။
Ref. , The Nation & Khaosod
