




၂၈.၄.၂၀၂၅
Written By Thandar
အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်း ဆရာတော် အသျှင်ကုမာရ ဦးဆောင်မှုနဲ့အတူ သ ရုပ်ဆောင် မျိုးစန္ဒီကျော်က နေပြည်တော် တပ်ကုန်းမြို့နယ် အလယ်ကျွန်းရှိ ငလျင်ဘေးသင့်ခဲ့တဲ့ စံပြကျေးရွာနေထိုင်ကြသူတွေ နေအိမ်ပြိုပျက်ခဲ့သူတွေကို ကျပ်တစ်သိန်းခွဲတန်ဖိုးရှိ ပစ္စည်းပုံး ၅၀ နဲ့ ငွေသားတချို့ကို ယနေ့ ဧပြီ ၂၈ ရက်နေ့လယ်ပိုင်းက လှူဒါန်းခဲ့ပါတယ်။
“ငလျင်ကြောင့် နေအိမ်တွေ ပြိုကျပျက်စီးသွားကြတယ်။ တပ်ကုန်းမြို့နယ် အလယ်ကျွန်းဒေသဘက် ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းဖို့က ဆရာတော်လည်း နေတွေအရမ်းပြင်းတော့ ကျန်းမာရေး သိပ်မကောင်းလို့ပါ။ အမတို့က ရွာထဲဝင်ရမယ့်လမ်းကလည်း ကားဝင်လို့မရတဲ့အခြေအနေတွေကြောင့်မို့ ဆိုက်ကယ်နဲ့ တစ်ဆင့် ဒီဘက်ကို ခေါ်ပြီးမှ လှူဒါန်းဖြစ်ခဲ့တာပါ။ အိုးအိမ်တွေပျက်စီးဆုံးရှုံးကြတဲ့သူတွေအတွက်လည်း တော်တော် လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ အိမ် ၅၀ လောက်ပျက်စီးတာရှိတဲ့အပြင် အိမ် အလုံးလိုက်က ပြိုကျ ပျက်စီးတာက ၁၂ လုံးရှိတယ်လို့သိရတယ်။ အားပေးစကားပြောဖို့တောင် အမကိုယ်တိုင်လည်း အားနာမိပါတယ်”လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ အိုးအိမ်ပျက်စီးပြိုကျအိမ် ၁၂ လုံး၊ ထိခိုက်ခံရသူ ၂၂၈ ဦး၊ တကယ်ခက်ခဲနေကြ တဲ့ အိမ်ထောင်စု ၅၀ စာအတွက် ခေါက်ဆွဲခြောက်၊ သွားတိုက်တံ၊ တစ်ရှုး၊ ကော်ဖီ၊ ဆေး၊ ငါးသေတ္တာ၊ လက်ဖက်ထုပ်၊ ပုဆိုးစတဲ့ ပစ္စည်းပေါင်း ၂၀ ကျော်ကို လှူဒါန်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ အိမ်လုံးဝပျက်စီးသွားသူ ၁၂ ဦးအတွက် ငွေကျပ် ၅သောင်းနှုန်းစီလည်း လှူဒါန်းခဲ့ပါတယ်။
ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့အတူ သရုပ် ဆောင် မျိုးစန္ဒီကျော်တို့ အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့တွေက ဧပြီလ ၂၉ ရက်နေ့မှာ မန္တလေးမြို့က ငလျင်ဘေးသင့်ပြည်သူတွေကို ဆက်လက်လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။
