
၂၈. ၄ . ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က ရွှေဇာမဏီရွှေဆိုင်ကို ဒီနေ့မွန်းလွဲ ၃ နာရီခန့်က နေ့ခင်းကြောင်တောင် ဓားပြတိုက် လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦး သိရပါတယ်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ပြောက်ကျားဝတ် ၂ ဦး၊ အရပ်ဝတ် ၃ ဦး ဝတ်ဆင်ထားတဲ့ အမျိုးသား ၅ ဦးဟာ Honda Insight အမဲရောင် ယာဥ်နဲ့ ရောက်ရှိလာပြီး သေနတ်အတို ၂ လက်ပြကာ ခြိမ်းခြောက်ဓားပြတိုက်တာဖြစ်ပြီး ဒီ လုယက်မှုမှာ ခင်းကျင်းပြသထားတဲ့ ရွှေဗန်း ၉ ခုထဲက ရွှေ ၂၀ ကျပ်သားကျော်နဲ့ I phone 11 (အစိမ်းရောင်) ကို လုယက်သွားတာ CCTV မှတ်တမ်းမှာ တွေ့မြင်ရပြီး တရားခံဖော်ထုတ်ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။
