၂၈. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့်ဒေသများတွင် အမေရိကား၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ် စသည့်နိုင်ငံများမှ ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ယမန်နေ့က ပြုလုပ်သည့် “ငလျင်ဘေးဒဏ်လျော့ပါးရေး ပူးပေါင်းပါဝင်ဆွေးနွေးပေး” ဟောပြောပွဲတွင် ပြောသည်။
“MCEF အနေနဲ့ကလည်း အမေရိကား၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ် စတဲ့ ငလျင်ဘေးသင့်ဒေသမှာ ကြုံခဲ့ဖူးတဲ့၊ အတွေ့အကြုံရှိတဲ့ ငလျင်ပညာရှင်တွေကလည်း ကျွန်တော်တို့အသင်းနဲ့အတူ နေ့စဉ်မပျက် ဆက်သွယ်ပြီးတော့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့မှာရှိတဲ့ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေကိုလည်း ပေါင်းစပ်ပြီးမှ လုပ်ဆောင်မယ့် အစဉ်အစဥ်တွေရှိလာတယ်။ အဲဒီရှိလာတဲ့အတွက် ဒီနေ့မှာ ကျွန်တော်တို့ ပညာရှင်တွေအားလုံးကိုလည်း ကျွန်တော်တို့ MCEF က ဒီနေ့ပွဲမှာ ဒီပွဲအတွက်ပဲမဟုတ်ဘဲနဲ့ MCEF အတွက် ပညာရှင်များ အကြံပေးပညာရှင်များအဖြင့် ခန့်အပ်ဖို့လည်းရှိပါတယ်” ဟု ဦးရှိန်ဝင်းက ပြောသည်။
လတ်တလောတွေင် အဆိုပါ နိုင်ငံတကာအတွေ့အကြုံရှိပညာရှင်များနှင့် မြန်မာနိုင်ငံရှိ ပညာရှင်များစုပေါင်းကာ တွေ့ဆုံဆွေးနွေးပွဲ အမြောက်အမြားလုပ်ဆောင်ပြီး ငလျင်သင့်ဒေသများသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ဒါကိုလုပ်ဆောင်တဲ့နေရာမှာ အများနဲ့စုပေါင်းပြီး လုပ်ဆောင်တဲ့နေရာမှာ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ ပညာရှင်တွေကို ကျွန်တော်တို့ဆီမှာရှိတဲ့ ပညာရှင်တွေ စုပေါင်းပြီးမှ တွေ့ဆုံဆွေးနွေးပွဲတွေ မြောက်မြားစွာ လုပ်ဆောင်ဖို့ရှိပါတယ်။ အဲဒီနေရာတွေကိုလည်း ကွင်းဆင်းပြီးတော့ လေ့လာပြီးမှ ဘယ်လိုပြန်လည်တည်ဆောက်မယ့် ကိစ္စတွေကိုလည်း လုပ်ဆောင်တဲ့နေရာမှာ နည်းပညာတွေ၊ စက်ကိရိယာ ယန္တရားတွေ၊ နောက် Safety နဲ့ ပတ်သက်တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေနဲ့ အဖွဲ့အစည်းအခြင်းခြင်း နည်းပညာဖလှယ်ရအောင်အတွက် MCEF က ကြားခံအနေနဲ့ ဦးစီးဆောင်လုပ်ပေးသွားမယ့် အစီအစဉ်တွေရှိပါတယ်” ဟု ဦးရှိန်ဝင်းက ပြောသည်။
မန္တလေးငလျင်ကြီးလှုပ်ကြောင့် ပြိုကျပျက်စီးအဆောက်အဦးများကို ပြန်လည်နေထိုင်ရန် သင့်မသင့်စစ်ဆေးခဲ့ရာ မန္တလေးတွင် ပြန်လည်နေထိုင်ရန်သင့်အဆောက်အဦ(Green) ၉၀ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းတွင်လည်း Green များခဲ့ပြီး နေပြည်တော်တွင် နေထိုင်ရန်မသင့် အဆောက်အဦ (Red) များသည်ကို တွေ့ရှိရကြောင်း အထက်ပါ ဆွေးနွေးပွဲမှ သိရသည်။
အဆိုပါ စစ်ဆေးမှုများအရ မန္တလေးတွင် ပြန်လည်နေထိုင်ရန်သင့်အဆောက်အဦ အစိမ်းရောင်အဆင့် ၉၀ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းတွင်လည်း အစိမ်းရောင်အဆင့်များခဲ့ပြီး နေပြည်တော်တွင်မူ နေထိုင်ရန်မသင့် အဆောက်အဦ အနီရောင်အဆင့်များသည်ကို တွေ့ရှိခဲ့ရကြောင်း အထက်ပါ ဆွေးနွေးပွဲမှ သိရသည်။

