၂၈.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ Colorado Spring မြို့မှာရှိတဲ့ ပုံမှန်လုပ်ငန်းလည်ပတ်ချိန်ထက် ဖွင့်လှစ်နေတဲ့ တရားမဝင်ညကပွဲရုံတစ်ခုကို ဥပဒေထိန်းသိမ်းရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းမှုပြုခဲ့ပြီးတဲ့နောက်မှာတော့ အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ကျော်ကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းမှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အွန်လိုင်းမှာလွှင့်တင်ထားတဲ့ဗီဒီယိုမှာ စုံထောက်တွေက အဆောက်အအုံအပြင်ဘက်မှာ သူတို့ရောက်နေတာကိုကြေညာပြီး အထဲကလူတွေကို လက်မြှောက်ပြီး ထွက်လာကြဖို့ ပြောခဲ့ပါတယ်။တခြားဗီဒီယိုတွေမှာလည်း အဆောက်အအုံထဲက လူအများအပြားထွက်ပြေးကြတာကိုတွေ့ရပြီး သူတို့ကို ဖမ်းဆီးလက်ထိပ်ခတ်ထားတာ တွေ့ကြရပါတယ်။
Colorado Spring မြို့ဟာ ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး တရားမဝင်ညကပွဲရုံကို ဝင်ရောက်စီးနင်းခဲ့မှုမှာ တရားဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ပေါင်းစုံက အရာရှိအင်အား ၃၀၀ ကျော်ပါဝင်ခဲ့တာပါ။ Colorado Spring နေပြည်သူတွေအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ အသိုင်းအဝိုင်းဖြစ်လာရပါပြီလို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က အထူးစုံထောက် ဂျိုနာသန် ပိုလင်းက ပြောခဲ့ပါတယ်။
ပိုလင်းက ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးတပ်ဖွဲ့တွေအနေနဲ့ မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်မှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေအပါအဝင် ဥပဒေနဲ့မညီဆောင်ရွက်မှုတွေနဲ့ သံသယရှိရလို့ အဆိုပါကပွဲရုံကို လအတော်ကြာ စုံစမ်းထောက်လှမ်းနေခဲ့တာလို့လည်း သိရပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေမှာ ကိုကင်းလည်းပါဝင်တယ်လို့ သိရပါတယ်။
ညကပွဲရုံအတွင်းက မူးယစ်ဆေးဝါးတွေအပြင် ဖွင့်ဟမပြောကြားတဲ့ လက်နက်အရေအတွက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ပိုလင်းက ညကပွဲရုံအတွင်း ဝင်ရောက်စီးနင်းစဉ်က လူ ၂၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းရပြီး လက်နက် ကိုင်လုံခြုံရေးလုပ်ဆောင်နေသူ တစ်ဒါဇင်လောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ပိုလင်းက ဖမ်းဆီးရမိတဲ့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေက မည်သည့်နိုင်ငံတွေမှဖြစ် တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
Ref- AP



