၂၈. ၄ .၂၀၂၅
Written by Hey Mar
သူငယ်ချင်းလေးဦး ဝိုင်းဖွဲ့ကာ အရက်သောက်နေရင်း စကားများရာက ဆယ်ပေါင်တူနဲ့ ထုသတ်လို့ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရတဲ့ ဖြစ်စဉ် မနေ့က ဧပြီ ၂၇ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်မြစ်ကမ်းနားလမ်းမှာ ကျောက်ချထားတဲ့ ငါးဖမ်းသင်္ဘောပေါ်မှာဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောပါတယ်။
ဖြစ်စဉ်က လှိုင်မြို့နယ်၊ လှိုင်မြစ်ကမ်းနားလမ်း၊ အမှတ် (၃)ရပ်ကွက်၊ လင်းရောင်သစ်-၃ ငါးဖမ်းသင်္ဘောပေါ်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူက အသက်လေးဆယ်ဝန်းကျင်အမျိုးသားလို့ သိရပါတယ်။ အရက်မူးကာအိပ်ပျော်နေစဉ် ညနက်ပိုင်းက အရက်အတူသောက်ပြီး စကားများထားတဲ့ သူငယ်ချင်းကပဲ မကျေနပ်လို့ ထုသတ်သွားတာကို ခံရတာလို့ သိရပါတယ်။
“ညနက်ပိုင်းလောက်က သူတို့ အရက်ဝိုင်းဖွဲ့ရင်း သုံးယောက် တစ်ယောက် ရန်ဖြစ်တာကို ဘေးက သင်္ဘောပေါ်က လူကြီးတွေကလည်း ဝိုင်းဖျန်ဖြေပေးတော့ ငြိမ်သွားကြတယ်။ ပြီးသွားပြီမှတ်လို့ နေနေရင်းက မနက်အစောကြီး သုံးနာရီလောက်မှာ သူတို့ထဲက အတူသောက်တဲ့တစ်ယောက်ကပဲ မကျေနပ်လို့ တူနဲ့ လိုက်ထုတာ တစ်ဦးကနေရာတင် သေတယ်။ နောက်နှစ်ဦးကလည်း ဦးခေါင်းပေါက် ပွန်းပဲ့ဒဏ်ရာတွေ ရကြတယ်။ မစိုးရိမ်ရဘူး။ ကျူးလွန်သူကိုလည်း ဝိုင်းဝန်းဖမ်းဆီးထားကြပြီး သက်ဆိုင်ရာကလာတော့ တစ်ခါတည်း အပ်ကြပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ခိုက်ရန်ဖြစ်ပွားပြီး ဦးခေါင်းတူနဲ့ ထုခံရလို့ သေဆုံးအမျိုးသားမှာ ဦးခေါင်းကွဲကြေ၊ ဦးနှောက်ထွက်တဲ့ ဒဏ်ရာတွေ ရရှိကာသေဆုံးခဲ့ပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ လင်းလက်လူမှုကူညီရေးအသင်းပိုင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


