◾ တရုတ်အစိုးရအနေနှင့် တခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဟု တရုတ်ကိုယ်စားလှယ်အဖွဲ့ တုံ့ပြန်
၂၈.၄.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြီးမားဆုံးအစ္စလာမ္မစ်နိုင်ငံရေးပါတီဖြစ်တဲ့ ဂျာမတ်-အီး-အစ္စလာမ်မီပါတီခေါင်းဆောင်တွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့တို့ ဧပြီလ ၂၇ ရက်က ဒက်ကာမြို့ရှိ ဟိုတယ်တစ်ခုမှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ရိုဟင်ဂျာအမည်ခံကြတဲ့ ဘင်္ဂါလီအများစုနေထိုင်ရာဒေသကိုလွတ်လပ်တဲ့ ရခိုင်ပြည်နယ်သစ်အဖြစ်ဖန်တီးသတ်မှတ်ရေး ဂျာမတ် -အီး-အစ္စလာမ်မီပါတီက အဆိုပြုခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးအပြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပါတီဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆီအက် အဗ္ဗဒူလာ မိုဟာမက်တာဟာက ဘင်္ဂါလီ ၁ ဒသမ ၂ သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေကြတယ်။ သူတို့ဟာ လူသားမဆန်တဲ့ဘဝတွေမှာ နေထိုင်နေကြရတယ်။ ကျွန်တော်တို့က သူတို့ကို အစားအစာနဲ့ နေထိုင်ရေး ထောက်ပံ့ပေးနေတာက ဒီကိစ္စရဲ့ ဖြေရှင်းချက်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
သူတို့အနေနဲ့ သူတို့ရဲ့မိခင်မြေမှာ ပြန်အခြေချကြဖို့ လွတ်လပ်တဲ့ ရခိုင်ပြည်နယ်သစ်တစ်ခုကို ဖန်တီးထူထောင်နိုင်ရေးကသာ ပြဿနာရဲ့ဖြေရှင်းချက်ဖြစ်တယ်လို့ မိုဟာမက် တာဟာက ပြောခဲ့ပါသေးတယ်။
ဒါ့ပြင် တာဟာက တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိလို့ ဒီကိစ္စမှာ အကြီးမားဆုံးကဏ္ဍက ပါဝင်နိုင်မှာမို့လို့လည်းဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဒေသဆိုင်ရာလုံခြုံရေးကိုလည်း အစည်းအဝေးမှာဆွေးနွေးခဲ့ကြတယ်လို့ သူကပြောခဲ့ပါတယ်။ ဒေသအတွင်းမှာတော့ ဘယ်သူကမှ နောက်တစ်ယောက်ကို ရန်လိုတဲ့သဘောထားမရှိဘူးလို့ ဆွေးနွေးခဲ့ရပါတယ်လို့လည်း တာဟာက ပြောခဲ့ပါတယ်။
တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင်တွေကတော့ တရုတ်အစိုးရအနေနဲ့ တခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဘဲ ဘင်္ဂလားဒေ့ရှ်အတွက်လည်း အလားတူမှုဝါဒကျင့်သုံးမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
တာဟာက အခုအစည်းအဝေးက ပါတီချင်းတွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ဂျာမတ်-အီး-အစ္စလာမ်မီအနေနဲ့တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးတိုးမြှင့်နိုင်တဲ့အခွင့်အလမ်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်အနေနဲ့ Teesta Barrage ဆည်မြောင်းစီမံကိန်းကြီး၊ Padma မြစ်ဖြတ်ဒုတိယတံတားနဲ့ ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ရေးတို့မှာ ရင်းနှီးမြှုပ်နှံဖို့လည်းပြောခဲ့တယ်လို့ ဆိုပါတယ်။ သူကရေကြောင်းသွားလာ ရေးကဏ္ဍဆိုင်ရာစီးပွားရေးကို ရေနက်ဆိပ်ကမ်းတွေကနေ အဆင့်မြှင့်ဖို့ပြောခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေကိုလည်း ပညာတော်သင်ဆုတွေ ပိုပေးဖို့ပြောခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင်တွေက ရွေးကောက်ပွဲတွေ ဘယ်တော့လောက်လုပ်နိုင်မယ်၊ ပါတီအနေနဲ့ရော အကြံပေးအရာရှိချုပ်က သတ်မှတ်တဲ့ရက်ကို ထောက်ခံမှုရှိမရှိသိလိုကြတယ်လို့လည်း တာဟာက ပြောခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဦးစီးဌာနက အရှေ့တောင်နဲ့တောင်အာရှရေးရာဗျူရိုမှ Pen Jiubin က ခေါင်းဆောင်တယ်လို့ သိရပါတယ်။
Ref- The Business Standard
