
၂၇.၄.၂၀၂၅
Written By Thandar
အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ တပည့်ရင်းဖြစ်သူ ဆရာတော်အသျှင်ကုမာရက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်မှုအတွက် ရည်စူးအလှူအဖြစ် အနှေးယာဥ်လုပ်သားတွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းမှုကို ဧပြီ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
“ယနေ့အလှူကတော့ ဧပြီလ ၂၁ ရက်က ကမ္ဘာမှာဩဇာရှိတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ပျံလွန်တော်မူသွားတာ နိုင်ငံတော်ဈာပနာလည်း ပြုလုပ်နေတယ်။ နိုင်ငံခေါင်းဆောင်တွေက ဈာပနာပွဲကျင်းပနေတာမို့ တကယ်ပဲ ဝမ်းနည်းရပါတယ်။ ဒီပုပ်ရဟန်းမင်းကြီးရည်စူးပြီး ဦးဇင်းတို့ တာမွေမြို့နယ် မရှိဆင်းရဲသားတွေကို ဆိုက္ကားဆရာအနှေးယာဉ်သမား ဆန်ဆီဆား အခြေခံစားကုန်တွေ လှူဒါန်းတာပါ”လို့ ဆရာတော် အသျှင်ကုမာရက မိန့်တော်မူပါတယ်။

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဧပြီလ ၂၁ ရက် နံနက် ၇ နာရီ ၃၅ မိနစ်က ဗာတီကန်ရှိ ကာဆာဆန်တာ မာတာ(Casa Santa Marta) နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အလှူအတွက် အဆိုတော် သားဂန်း၊ သရုပ်ဆောင် ဘေဘီမောင်၊ သရုပ်ဆောင် သံစဉ်မောင်တို့ မိသားစုက LED လျှပ်စစ်မီး၊ ဖယောင်းတိုင်၊ Royal D တွေ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
အနှေးယာဉ်လုပ်သား အယောက် ၅၀ ဦးစာအတွက် ဆန်၊ ဆီ၊ ငါးခြောက်၊ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်၊ လုံချည်နဲ့ ငွေကြေးတချို့ကို လှူဒါန်းပေးခဲ့ကြပါတယ်။
