၂၆. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ကြောင့် ပျက်စီးခဲ့သည့် အိမ်အမျိုးအစားလိုက်နှင့် ပျက်စီးမှုအခြေအနေ၊ ရရှိသည့် DMC ရန်ပုံငွေနှင့် အလှူငွေအပြင် အလုံးစုံပျက်စီးမှုကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကုန်ကျနိုင်မည့်ငွေအခြေအနေများနှင့် နှိုင်းယှဉ်လေ့လာ၍ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ရမည့်နှုန်းထားများကိုလည်း အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၅) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ငလျင်ဘေးအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင်အလှူရှင်များက နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အလှူငွေများပေးအပ်ရာ ဧပြီလ ၂၄ ရက်အထိ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် နှစ်သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ တို့အား လက်ခံရရှိထားပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ငွေစာရင်းသို့ ထည့်သွင်းထားရှိကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအနေဖြင့် ဧပြီ ၂၅ ရက် စာရင်းများအရ သေဆုံးသူ ၃,၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ရှိပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လေယာဉ်ပေါင်း ၁၄၇ စင်း၊ သင်္ဘောခုနစ်စင်း၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၀၉၅ ဦးရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၃၈၃၃ ဒသမ ၈၄ တန် ပေးပို့လှူဒါန်းကူညီကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ငလျင်ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုတွင် ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၁၂၈,၉၆၅ စု၊ လူဦးရေ ၆၂၉,၂၀၆ ဦး ငလျင်ဘေးကြုံတွေ့ခဲ့ရပြီး DMC ၏ ဧပြီ ၂၃ ရက် စာရင်းအရ ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေ့နေထိုင်သူ ၄၈,၆၅၆ ဦးရှိခဲ့ကြောင်း၊ မိမိအစီအစဉ်နှင့်ပြောင်းရွှေ့ နေထိုင်သူ ၁၅၉,၂၃၉ ဦး၊ ငလျင်ဘေးသင့်ခဲ့သော်လည်း မိမိတို့၏နေအိမ်များတွင် နေထိုင်၍ရသည့်အတွက် ဆက်လက်နေထိုင်သူ ၄၂၁၃၁၁ ဦးရှိသည်ကို တွေ့ရှိရကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
