၂၅.၄.၂၀၂၅
Translated by Htwe Ko Tun
အီကွေဒေါနိုင်ငံ၏ဆိပ်ကမ်းမြို့ဖြစ်သော Esmeraldas မြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင်(၂၀ ဒသမ ၉ ကီလိုမီတာ) အကွာရှိ ပစိဖိတ်သမုဒ္ဒရာရေပြင်ကို ဗဟိုပြုလျက် အနက် ၂၁ ဒသမ ၇ မိုင်(၃၅ ကီလိုမီတာ) တွင် ပြင်းအားမဂ္ဂနီကျူ့ ၆ ဒသမ ၃ ရှိ ငလျင်တစ်ခု ဧပြီလ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ (၁၂၀၀ ဂျီအမ်တီ) တွင် လှုပ်ခတ်သွားခဲ့ရာ Esmeraldas မြို့ ၌အနည်းဆုံး လူ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပြီး အဆောက်အအုံ ၈၀၀ ကျော် ပျက်စီးခဲ့ကာ ဒေသအတွင်း လျှပ်စစ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။
အီကွေဒေါအရေးပေါ်အေဂျင်စီက ငလျင်ကြောင့် Esmeraldas မြို့၌ အိမ် ၁၇၉ လုံး ပျက်စီးသွားခဲ့ပြီး အဆောက်အအုံ ၇၁၆ လုံးလည်း ထိခိုက်မှုများရှိခဲ့ကြောင်း ပြောခဲ့သည်။
ငလျင်လှုပ်ခတ်မှုကို အီကွေဒေါနိုင်ငံ၏ ပြည်နယ် ၁၀ ခုတွင် အနည်းဆုံးခံစားခဲ့ရကြောင်း အီကွေဒေါနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးက ပြောခဲ့သော်လည်း အခြေအနေကို စောင့်ကြည့်အကဲဖြတ်ဆဲဟုလည်း ဆိုသည်။
Esmeraldas မြို့က မြို့တော်ကွီတို၏ အနောက်မြောက်ဘက် ၁၈၃ မိုင်(၂၉၆ ကီလိုမီတာ) အကွာတွင်ရှိကာ ငလျင်ဗဟိုချက်နှင့်အနီးဆုံးလည်းဖြစ်ပြီး မြို့ထဲ၌ ငလျင်လှုပ်အပြီး အဆောက်အအုံပျက်စီးမှုအများအပြားကို တွေ့ခဲ့ရသည်။
အီကွေဒေါအာဏာပိုင်များက ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းတစ်လျှောက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Ref- AP



