၂၆.၄.၂၀၂၅
Written by Hey Mar
အိမ်ခြေမဲ့ တောင်းရမ်းစားသောက်သူ အဖိုးအိုတစ်ဦး၊ ညအချိန် ကားလမ်းဘေးမှာ လမ်းလျှောက်နေစဉ် ယာဉ်သုံးစီးက တိုက်သွားလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဧပြီ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်က အင်းစိန်မြို့နယ်၊ ဖော့ကန်ဈေးရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အဖြူရောင်မေတ္တာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
“အဘိုးက ကျွန်တော်တို့ရောက်တော့ ဆုံးနေပါပြီ။ ကားသုံးစီးက ရှေ့နောက်ဆင့် တိုက်သွားတာ။ ပထမဆုံး တိုက်တာက တက္ကစီ။ သူ့နောက်ကနေ ဟိုက်ဂျက်က ထပ်တိုက်တယ်။ အဲဒီ နှစ်စီးစလုံးက မောင်းပြေးတယ်။ နောက်ဆုံးတိုက်တဲ့ ဆယ်ဘီးကားကတော့ ရဲနဲ့ ဖြေရှင်းတာတွေ ပြုလုပ်နေတယ်” လို့ အဖြူရောင် မေတ္တာလူမှုကူညီရေးအသင်းက ဖြစ်စဉ်ကို ပြောပါတယ်။
သေဆုံးသူ အဘိုးရဲ့ ဘေးမှာ ကျွတ်ကျွတ်အိတ် အမဲနဲ့ထုပ်ထားတဲ့ ငွေစက္ကူ တစ်ထောင်တန်၊ ငါးရာ၊ နှစ်ရာကျပ်တန် စတဲ့ ငွေအကြွေတွေ တွေ့ရပြီး ဘယ်သူ ဘယ်ဝါဆိုတာ မသိရှိရတဲ့အတွက် ပိုင်ရှင်မဲ့ အလောင်းအဖြစ် မြောက်ဥက္ကလာဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဧပြီ ၂၆ ရက်နေ့ မနက်အစောပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းပေါ်ရှိ ရခိုင်ကျောင်းလမ်းမှတ်တိုင်အနီးမှာ အသက် ခြောက်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦး ယာဉ်တိုက်ပြေးသွားလို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။



