၂၆. ၄. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ရုံး/ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများအပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာလိုက်သည်။
“လောလောဆယ်ကတော့ ကုမ္ပဏီနဲ့ ဆက်သွယ်ရမယ့်လူ လိပ်စာနဲ့ ဖုန်းနံပါတ်ပေးရင်ရတယ်။ ဒီတစ်ပတ်အတွင်း ဆက်သွယ်ပေးရင်ရပါတယ်” ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါ ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး ဦးဇော်ထွန်း (ဖုန်း-၀၉-၆၉၆၀၀၆၉၉၉)၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဒုတိယဌာနမှူး ဒေါ်ချယ်ရီလှမောင် (ဖုန်း-၀၉-၅ဝ၀၅၆၇၈)နှင့် နေပြည်တော်စည်ပင်ယာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။
မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အဦများ သတ်မှတ်ချက်နှင့် မကိုက်ညီသည်ကို တွေ့ရှိသဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် မကိုက်ညီသည်ကို ပြန်လည်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားထားသည်။
မတ်လ ၂၈ ရက်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်ချ်စတာစကေးရှိ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုနှင့် နောက်ဆက်တွဲလျင်များကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးများတွင် လူသေဆုံးထိခိုက်ပျောက် ဆုံးမှုများအပြင် အဆောက်အဦများစွာလည်း ပြိုကျပျက်စီးမှုများရှိခဲ့သည်။
ဧပြီ ၁၉ ရက်အထိ နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ထားသည်။




