MT News

Written by Tha Doe

ဘုရားဖူးရန်အကြောင်းပြ ကားငှားကာ ယာဥ်မောင်းအားသတ်၍ ကားလုပြေးသူအား ရေတိုင်ကီအတွင်းပုန်းနေစဥ် ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ၂ ရက် ည ၈ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးအား ဝဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာခြေသလုံးထိုးသွင်းဒဏ်ရာ တစ်ချက် တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စက်မှုနယ်မြေရဲစခန်း၌ (ပ)၂၅၅/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့်အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိနိုင်ရေးနှင့် သေဆုံးသူအား အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့သည်။

သေဆုံးသူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ဦးပြည့်စုံထွန်း (၃၀)နှစ် အငှားယာဉ်မောင်းနှင်သူဖြစ်ပြီး ယင်းနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၅၄ လမ်းကြားရှိ “ရွှေသိတည်းခိုခန်းတွင် တည်းခိုနေသူတစ်ဦးမှ မြို့တွင်း ဘုရားဖူးရန် ကားငှားသဖြင့် ၎င်းမောင်းနှင်သည့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးရာမှ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ၎င်းမောင်းနှင်ခဲ့သည့် မော်တော်ယာဉ်မှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း ကနဦးဖော်ထုတ် သိရှိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက “ရွှေသိတည်းခိုခန်းသို့ သွားရောက်စုံစမ်းခဲ့ရာ ၎င်းတည်းခိုခန်း၌ တည်းခိုနေထိုင်သည့် ကျော်သီဟဆိုသူမှ ၎င်း၏မိသားစုနှင့်အတူ ယင်းနေ့ည ၆ နာရီအချိန်တွင် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်အား မောင်းနှင်၍ တည်းခိုခန်းသို့ ပြန်လည်ရောက်ရှိလာကာ အခန်းခများ ရှင်းပြီး ထွက်ခွာသွားခဲ့ကြောင်း သိရှိရသဖြင့် မြို့ဝင်/ထွက် ဂိတ်များရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကွင်းဆက်မပြတ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ရာ အဆိုပါမော်တော်ယာဉ်မှာ ကျောက်ဆည်၊ သာစည်နှင့် အေးသာယာမြို့နယ်တို့မှ တစ်ဆင့် တောင်ကြီးမြို့ ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။

အောက်တိုဘာ ၃ ရက် ညနေ ၅ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ ကားရေဆေးဆိုင်အတွင်း၌ အဆိုပါ ယာဉ်အား တွေ့ရှိရပြီး စီးနင်းလာသူများမှာ အနောက် မြို့ပတ်လမ်းပေါ်ရှိ “လစ်ဗင်းကာလာ” တည်းခိုခန်း အခန်းအမှတ်(၂၀၂)၌ တည်းခိုနေကြောင်းသိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ်(၂၀၂)၌ ကျော်သီဟ၏ ဇနီးဖြစ်သူ မဝေဝေနွယ်နှင့် သားဖြစ်သူတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ကျော်သီဟအား ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါတည်းခိုခန်း အပေါ်ထပ် ရေတိုင်ကီအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

တရားခံ ကျော်သီဟ၏ ထွက်ဆိုချက်အရ ၎င်းသည် အလုပ်အကိုင်မရှိဘဲ မိသားစုနှင့်အတူ “ရွှေသိ” တည်းခိုခန်း၌ စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ တည်းခိုနေထိုင်ကာ သုံးစွဲရန် ငွေမရှိသဖြင့် ငွေရရှိရန် မော်တော်ယာဉ်တစ်စီးအား ငှားရမ်းအသုံးပြု၍ မော်တော်ယာဉ်အား ယာဉ်မောင်းအလစ် မောင်းနှင်ထွက်ပြေးယူဆောင်ရောင်းချရန် စီစဉ်ကာ ယခင်ကသိကျွမ်းခဲ့သည့် အိုးဝေမောင်းနှင်သူမှတစ်ဆင့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်အား ဘုရားဖူးသွားရန် ငှားရမ်းခဲ့ကြောင်း၊ နေ့လယ် ၁ နာရီခန့်တွင် မော်တော်ယာဉ်အား ရန်ကင်းတောင် အရှေ့ဘက်ခြမ်းလမ်းကြားသို့ မောင်းနှင်စေခဲ့ပြီး အဆိုပါလမ်းကြားအရောက်၌ ၎င်း၏မိဘများ လာမည်ဖြစ်၍ စောင့်ဆိုင်းပေးရန် ယာဉ်မောင်းအား လိမ်လည်ပြောဆိုပြီး ဇနီးနှင့်သားဖြစ်သူတို့အား ယာဉ်အောက်၌ စောင့်နေစေကာ ၎င်းမှ ယာဉ်၏ အနောက်ခန်းတွင်ထိုင်၍ ယာဉ်မောင်းအလစ် အငိုက်အား စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ပေါ်မှမဆင်းသဖြင့် ညနေ ၅ နာရီ ခန့်တွင် ၎င်းမှယာဉ်မောင်းအား အသင့်ယူဆောင်လာသည့် ဓားဖြင့် ထိုးကာ အလောင်းအား ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်စဉ်က အသုံးပြုသည့် သက်သေခံဓားအား ကျောက်ဆည်မြို့ အထွက်လမ်းဘေး ခြုံတစ်ခုအတွင်းသို့ လွှင့်ပစ်ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့နောက် တောင်ကြီးမြို့ သို့ လုယက်ယူဆောင်ခဲ့သည့် TOYOTA MARK II ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး “လစ်ဗင်းကာလာ” တည်းခိုခန်း၌ တည်းခိုနေထိုင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ဖြစ်စဉ်တွင် အငှားယာဉ်မောင်းအား သတ်ဖြတ်၍ ယာဉ်အား လုယက်ခဲ့သည့် တရားခံ ကျော်သီဟ အား ၎င်းလုယက်ယူဆောင်ခဲ့သည့် MDY CC-4268 TOYOTA MARK II ယာဥ်၊ ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ ဦးပြည့်စုံထွန်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ယာဉ်မောင်းလိုင်စင်နှင့် အဝတ်အထည်များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News