စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေသည့် စပါးစိုက်ခင်းကို တွေ့ရစဥ်

၅. ၁၀. ၂၀၂၂
Written by A Thaung

စပါးအဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးမပေါ်မီ အချိန်တစ်လကျော်အလိုမှာပင် အပင်စပါး(အစို)တင်းတစ်ရာလျှင် ငွေကျပ်ဆယ်သိန်းအထိ စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းဝယ်နေကြောင်း တိုင်းဒေသကြီးအခြေစိုက် စက်ပိုင်နှင့်ကုန်သည်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

ယခုနှစ်အတွင်း စိုက်ဧကလျော့ကျခြင်းနှင့် ပိုးကြောင့်အထွက်နှုန်းလျော့ကျခြင်းများ ရှိပြီး ယခုဈေးနှုန်းမှာ ယမန်နှစ်ဈေးနှုန်းထက် ကျပ်နှစ်သိန်းကျော်မြင့်တက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် စက်ပိုင်နှင့်ကုန်သည်တစ်ဦးက MT News သို့ပြောသည်။

“ကျွန်တော်တို့ ဧရာဝတီတိုင်းအနေနဲ့ကတော့ အစိုကို တင်းတစ်ရာ ကျပ်ဆယ်သိန်းဆို ဝယ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဒီဘက်က စားဆန်ပဲထွက်မှာကိုး။ အဲဒါကို ဈေးတန်းလျှော့ဝယ်လိုက်ရင် ကျွန်တော်တို့ပဲ စပါးမရဖြစ်မှာလေ။ အခုက ကုန်သည်က မကိုင်ကြသေးဘူး။ ရှေ့လလောက်ဆို ပွင့်လင်းရာသီရောက်လာလိမ့်မယ်။ အဲဒီအချိန်ဆိုရင် ကုန်သည်တွေကိုင်လာကြမှာဆိုတော့ ဒီဈေးနဲ့မရတော့ဘူး”ဟု အဆိုပါကုန်သည်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ စိုက်ပျိုးသည့်ဆန်မှာ ပြည်တွင်းစားဆန်များသာဖြစ်ပြီး နှစ်နိုင်ငံအစိုးရခြင်းစာချုပ်ဖြင့် ဝယ်ယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း တင်ပို့ရောင်းချနေရကြောင်း ၎င်းကပြောသည်။

ဆန်စပါး ဒုတိယအများဆုံးစိုက်ပျိုးရာ ပဲခူးတိုင်းဒေသကြီးတွင် အပင်စပါး(အစို)တင်းတစ်ရာလျှင် ငွေကျပ်ကိုးသိန်းဝန်းကျင်ဖြင့် ရောင်းဝယ်နေကြသော်လည်း တောင်သူအများစုမှာ ပွင့်လင်းရာသီရောက်မှသာ ရောင်းချရန်စီစဉ်ထားကြကြောင်း ပဲခူးတိုင်းဒေသကြီးအခြေစိုက် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအဝိုင်းက သိရသည်။

ယခုနှစ် မိုးစပါးမထွက်သေးသည့်ကာလမှာပင် အပင်စပါး(အစို)ဈေးနှုန်းမှာ ယခင်နှစ်ထက် နှစ်ဆဖြစ်နေသဖြင့် ပွင့်လင်းရာသီတွင် စပါးဈေးမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုများလည်းရှိနေသည်။

အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာမှု၊ တရုတ်ယွမ်ဈေးနှုန်းများ မြင့်တက်လာမှုများကြောင့် စပါးဈေးမြင့်တက်လာခြင်းဖြစ်ပြီး တောင်သူအများစုမှာ မြေဆီ၊ ပိုးသတ်ဆေးနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် နွေစပါးစိုက်ပျိုးမည်မဟုတ်ကြောင်း တောင်သူအချို့ကပြောသည်။

ပြီးခဲ့သည့်နှစ်က ဆန်ချောစပါး တင်းတစ်ရာလျှင် ငွေကျပ် ၁၃ သိန်းအထိသာ ဈေးပေါက်ခဲ့ပြီး အပင်စပါး(အစို) တင်းတစ်ရာလျှင် ငွေကျပ် ရှစ်သိန်းပေါက်စျေးရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် နှစ်သိန်းမြင့်တက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *