၂၄.၄.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းအနေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ပြောကြားချက်အပေါ် အမေရိကန်သမ္မတထရန့်က ဧပြီ ၂၃ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပြီး ဒါက ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အလွန်ပဲ အန္တရာယ်ဖြစ်ထိခိုက်စေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
သမ္မတထရန့်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ရာမှာ “ဇယ်လန်စကီးရဲ့ ဒီလို ပြောကြားချက်က စစ်ပွဲကို ဖြေရှင်းဖို့ ပိုလို့ ခက်ခဲစေလိမ့်မယ်။ လက်ရှိအခြေအနေက ပြောရရင် ယူကရိန်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ သူ့အနေနဲ့စစ်ပွဲပြီးလို့ ငြိမ်းချမ်းမှုအတွင်းမှာ နေမှာလား။ ဒါမှမဟုတ် နောက်ထပ်သုံးနှစ်လောက် စစ်ဆက်တိုက်ပြီး တစ်တိုင်းပြည်လုံးဆုံးရှုံးရတဲ့အခြေအနေထိ အရောက်ခံမှာလား” လို့ ဖော်ပြခဲ့ပါတယ်။
ထရန့်ရဲ့ ခုလိုရေးသားချက်တွေက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ လန်ဒန်မှာ ယူကရိန်းနဲ့ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက သူတက်ရောက်မှာမဟုတ်ဘူးလို့ ပြောခဲ့အပြီး ဆက်လက်ထွက်ပေါ်လာတာပါ။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက သူ့အနေနဲ့ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲပြီးရင် ရုရှားအစိုးရနဲ့တိုက်ရိုက်ညှိနှိုင်းဆွေးနွေးဖို့အဆင်သင့်ရှိတယ်ဆိုတာ ဧပြီ ၂၂ ရက်ကပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုရှားက ခရိုင်းမီးယားကိုသိမ်းပိုက်ထားမှုကို အသိအမှတ်ပြုဖို့တော့ လက်မခံဘူးလို့ ထပ်မံပြောခဲ့တာပါ။
ဒါကြောင့်လည်း ယူကရိန်းပဋိပက္ခဖြေရှင်းဖို့အတွက်က များစွာ အလွန်ရှုပ်ထွေးတဲ့ အကြောင်းအရာတွေ ပါဝင်နေတာကြောင့် ခက်ခဲနေရတယ်လို့ အကဲဖြတ်တွေက ပြောခဲ့ပါတယ်။
Ref- CNN
