MT News
၂၄. ၄. ၂၀၂၅
မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသည့် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသားပေါင်း ၉၂၀ ကျော်အား တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား၊ တာလော့ဂိတ်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ် ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနထံမှ သိရသည်။
ယင်းသည် တရုတ်နိုင်ငံနယ်စပ်နှင့် နီးစပ်သည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပမာဏကြီးသော ဆက်သွယ်ရေးလိမ်လည်မှုဇုန်များကို လုံးဝအမြစ်ပြတ်ချေမှုန်းပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက မြန်မာနိုင်ငံ အတွင်းပိုင်းဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ် ထဲထဲဝင်ဝင် တိုက်ဖျက်ရာ၌ ရရှိလာသော ရလဒ်သစ်များဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အထူးလုပ်ငန်းကို အဆက်မပြတ် ထဲထဲဝင်ဝင် လုပ်ဆောင်လာသည်နှင့်အမျှ တရုတ်-မြန်မာ နှစ်ဖက်သည် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုက်ဖျက်ရေးလှုပ်ရှားမှုများဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၅၅,၀၀၀ ကျော်ကို ဖမ်းဆီးရမိပြီးဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်သူ ရာဇဝတ်ဂိုဏ်းများ များစွာအထိနာခဲ့သည်။
သို့သော် အချို့သော ဆက်သွယ်ရေး လိမ်လည်မှုတွင် ပါဝင်သူများက တိုက်ဖျက်ရေးလုပ်ငန်းများကို ရှောင်ကျဉ်ရန် မြန်မာနိုင်ငံ၏ အတွင်းပိုင်းဒေသများသို့ ရွှေ့ပြောင်းပုန်းခို၍ စခန်းများ တည်ဆောက်ကာ တစ်စခန်းထောင်လာခဲ့ပြီး တရုတ်နိုင်ငံသားများအပေါ် နယ်စပ်ဖြတ်ကျော် အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ခွဲခြမ်းစိပ်ဖြာဆုံးဖြတ်မှုများ တိုးမြှင့်ကာ မြန်မာနိုင်ငံဘက်သို့ သဲလွန်စများ အချိန်မီထောက်ပံ့ပေး၍ ဆက်သွယ်ရေးလိမ်လည်မှု စခန်းအသစ်များအား ဖော်ထုတ်ရာတွင် ကူညီလုပ်ဆောင်ပေးခဲ့သည်။
မတ်လ ၂၄ ရက်မှစ၍ မြန်မာနိုင်ငံသည် စုစည်းရှင်းလင်းရေးလှုပ်ရှားမှု အကြိမ်များစွာ လုပ်ဆောင်ခဲ့ရာ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၉၂၀ ကျော်ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ဘဏ်ကတ်၊ လိမ်လည်ရေးလုပ်ဆောင်ရာတွင် ပြောဆိုရန် စကား၊ ဇာတ်ညွှန်းစာအုပ် စသည့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများစွာ သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် အမှုစုံစမ်းဖော် ထုတ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်ရန် တရုတ်နိုင်ငံ ပြည်သူ့လုံံခြုံရေးဝန်ကြီးဌာနက သက်ဆိုင်ရာဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ကြက်နေရာချထားပြီးဖြစ်သည်။
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က နှစ်ဖက်သည် ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ထဲထဲဝင်ဝင် တွန်းအားပေးလုပ်ဆောင်ပြီး အချိန်နှင့်တစ်ပြေးညီ မျက်ခြည်မပြတ် တိုက်ဖျက်ရေးအား ခိုင်မာစွာဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမှုစုံစမ်း ဖော်ထုတ်ရေးအင်အားကို တိုးမြှင့်ကာ ဆက်သွယ်ရေးလိမ်လည်မှုစခန်းများကို ခိုင်မာစွာ အမြစ်ဖြတ်ချေမှုန်း၍ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများကို အင်တိုက်အားတိုက် ဖမ်းဆီးပြီး အွန်လိုင်း ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများကို တရားဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု လုပ်ဆောင်သည့် ပြစ်မှုကျူးလွန်သူများအား ပြည်ပသည် တရားဥပဒေထိန်းချုပ်မှုမှ ကင်းလွတ်နေသော နေရာမဟုတ်ကြောင်း၊ အခြေအနေကိုသေချာသိမြင်ပြီး ကံကောင်းထောက်မလို့ လွတ်မြောက်ငြားဟူသော မျှော်လင့်ချက်များကို စွန့်လွှတ်ကာ နိုင်ငံသို့ ဆောလျင်စွာ ပြန်လည်လာရောက်၍ မိမိအပြစ်ကို ဝန်ခံခြင်းဖြင့် ပြစ်ဒဏ်လျှော့ပေါ့စွာ ချမှတ်ခံရရေးအတွက် ကြိုးပမ်းရန်လည်း သတိပေးထားကြောင်း သိရသည်။
Ref, Xinhua
