၂၄. ၄. ၂၀၂၅
Written by Nyein Kyaw
လာမည့် မေလ ၁ ရက်မှစတင်၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ နေ့စဥ်ခရီးစဥ်များအပြင် ချင်းမိုင်မြို့သို့ တစ်ပတ်လျှင် ၂ ကြိမ် ပြည်ပခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ယနေ့တွင် အသိပေးကြေညာထားသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်မှစတင်၍ ခရီးသည်ဝန်ဆောင်ခ – Passenger Service Charge (PSC) များကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်၍ MAI မှ ဝယ်ယူထားသောလက်မှတ်များတွင် ခရီးသည်ဝန်ဆောင်ခအသစ်ဖြင့် ပြောင်းလဲကောက်ခံထားပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။
ဧပြီလ ၂၃ ရက်မတိုင်မီက ကြိုတင်ဝယ်ယူထားသည့် လက်မှတ်များအတွက် ထပ်မံပေးဆောင်ရန် လိုအပ်သည့် ခရီးသည်ဝန်ဆောင်ခကို လေဆိပ်ရှိ သတ်မှတ်ကောင်တာများတွင် တိုက်ရိုက်ပေးချေရမည်ဖြစ်၍ ခရီးသည်များအနေဖြင့် MAI ၏ လက်မှတ်အရောင်းဌာန (သိုမဟုတ်) ခရီးသွားအေဂျင်စီများထံသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
MAI လေကြောင်းလိုင်းအနေဖြင့် ရုရှားနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ရုရှားနိုင်ငံ၊ မော်စကိုမြို့နှင့် ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။
