၂၄. ၄. ၂၀၂၅
Translated by Thettant
ဂျပန်နိုင်ငံ၊ အိုကီနာဝါပြည်နယ်မှာ တပ်စွဲထားတဲ့ အမေရိကန် မရိန်းတပ်က တပ်သားနှစ်ဦးဟာ မုဒိမ်းမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ ရဲတပ်ဖွဲ့က ဒီကြာသပတေးနေ့ (ဧပြီ ၂၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဂျပန်နိုင်ငံမှာ တပ်စခန်းချရာမှာ အများအားဖြင့် ထိုင်ဝမ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အပူပိုင်းဒေသ တောင်ပိုင်းကျွန်းဖြစ်တဲ့ အိုကီနာဝါမှာ အင်အား ၅၄,၀၀၀ လောက်ရှိတဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို တပ်စွဲထားပြီး ဒီဖြစ်ရပ်ဟာ ဒေသခံတွေရဲ့ဒေါသကို ဖြစ်ပွားစေခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ အလားတူ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေထဲက နောက်ဆုံးဖြစ်စဉ်နှစ်ခု ဖြစ်ပါတယ်။
မုဒိမ်းမှုဖြစ်စဉ်တွေ ကျူးလွန်သူတွေထဲက တစ်မှုဟာ အသက် ၂၀ ကျော်အရွယ် အမေရိကန် မရိန်းတပ်သားတစ်ဦးဟာ မတ်လအတွင်းက အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုမှာ ဂျပန်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်တယ်လို့ သံသယရှိပြီး နောက်ထပ်အမျိုးသမီးတစ်ဦးကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ သံသယရှိပါတယ်လို့ ဒေသခံ ရဲအရာရှိတစ်ဦးက AFP ကို ပြောပါတယ်။
နောက်ထပ် အသက် ၂၀ ကျော်အရွယ် မရိန်းတပ်သားတစ်ဦးကိုလည်း ဇန်နဝါရီလအတွင်း အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုမှာ ဂျပန်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်တယ်လို့ သံသယရှိတယ်လို့ အရာရှိက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ အမှုနှစ်ခုစလုံးကို စုံစမ်းစစ်ဆေးဖို့အတွက် အစိုးရရှေ့နေတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုဟာ အိမ်သာတစ်ခုထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးဟာ အခြားအမျိုးသမီးကို အမေရိကန်မရိန်းတပ်သားရဲ့ စော်ကားမှုကို တားဆီးဖို့ ကြိုးစားရင်း ဒဏ်ရာရခဲ့တာလို့ ဂျပန်မီဒီယာတွေက ရဲတပ်ဖွဲ့ရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။ ဒီမုဒိမ်းမှုနှစ်မှုအတွက်တော့ အမေရိကန်နိုင်ငံက စုံစမ်းစစ်ဆေးမှုတွေမှာ ဂျပန်အာဏာပိုင်တွေနဲ့အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန် သံအမတ်ကြီး ဂျော့ခ်ျဂလပ်စ်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ဂျပန်အိမ်ရှင်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို အလွန်တန်ဖိုးထားပြီး ဒီနှောင်ကြိုးတွေကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေကို တားဆီးဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာပါ” လို့ ဂျော့ခ်ျဂလပ်စ်က ပြောပါတယ်။
ဒီမုဒိမ်းမှုတွေကြောင့်ပဲ ပြီးခဲ့တဲ့ သောကြာနေ့က အရက်ဆိုင်တွေ ပြည့်နှက်နေတဲ့ မြို့လယ်လမ်းမတစ်ခုပေါ် ညဘက်တစ်ကြိမ်ကင်းလှည့်မှုမှာ ဂျပန်အရာရှိတွေနဲ့ အိုကီနာဝါဒေသခံတွေနဲ့အတူ အမေရိကန်စစ်မှုထမ်းတွေဟာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပူးတွဲဆောင်ရွက်တဲ့ ဒီကင်းလှည့်မှုဟာ အမေရိကန် စစ်မှုထမ်းတွေ ပါဝင်ပတ်သက်တဲ့ အိုကီနာဝါမှာ ဖြစ်ပွားခဲ့တဲ့ အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
ဒီမုဒိမ်းမှုတွေနည်းတူ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အသက် ၁၆ နှစ်အောက် မိန်းကလေးငယ်တစ်ဦးကို ပြုကျင့်စော်ကားတယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၂၅ နှစ်အရွယ် အမေရိကန်စစ်သားတစ်ဦးကိုလည်း အစိုးရရှေ့နေတွေက တရားစွဲဆိုခဲ့အပြီး ရက်အနည်းငယ်အကြာမှာ အသက် ၂၁ နှစ်အရွယ် အမေရိကန်မရိန်းတပ်သားတစ်ဦးကို မုဒိမ်းမှုနဲ့ ထပ်မံ တရားစွဲဆိုခဲ့ရမှုလည်း ဖြစ်ပွားထားပါသေးတယ်။
အိုကီနာဝါ အုပ်ချုပ်ရေးမှူး ဒန်နီတာမာကီက အမေရိကန်စစ်သားတွေ ကျူးလွန်တဲ့ ဒီမုဒိမ်းမှုတွေအပေါ် “အလွန်ရှုတ်ချစရာကောင်းတဲ့” လုပ်ရပ်တွေလို့ ပြောကြားခဲ့ပြီး အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားအောင် အမေရိကန်စစ်တပ်ကို တိုက် တွန်းသွားမယ်လို့ ပြောပါတယ်။
ဂျပန်အစိုးရရဲ့ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှိမာဆာ ဟာယာရှိက ဒီကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မရိန်းတပ်သားတွေရဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့် “အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုတွေဟာ လက်ခံနိုင်စရာမရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။
အိုကီနာဝါ ဒေသခံတွေနဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကြား ဆက်ဆံရေးဟာ အချိန်အတော်ကြာကတည်းက တင်းမာနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် စစ်တပ်နဲ့ ဆက်နွယ်သူ စုစုပေါင်း ၈၀ ဦးကို အိုကီနာဝါမှာ မုဒိမ်းမှုအပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲဆိုခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
၁၉၉၅ ခုနှစ်တုန်းက အိုကီနာဝါမှာ အမေရိကန် စစ်သားသုံးဦးက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်ရပ်ဟာ ကြီးမားပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး ဂျပန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေကို တပ်စွဲခွင့်ပြုထားတဲ့ ၁၉၆၀ ပြည့်နှစ် သဘောတူညီချက်ကို ပြန်လည်စဉ်းစားဖို့ တောင်းဆိုမှုတွေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။
Ref , AFP & The Star
