၂၃. ၁. ၂၀၂၃
Written by Phyo Wei

ရုရှားနိုင်ငံက မြန်မာနိုင်ငံကို ကူညီထောက်ပံ့မယ်ဆိုရင် NUG , PDF တွေကို နှစ်ဆတိုးကူညီမဲ့ သဘောမျိုး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြီးတန်းအကြံပေး Derek Chollet ရဲ့ ပြောဆိုမှုဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ များသထက်များအောင် လောင်စာထိုးနေသလိုဖြစ်လာတဲ့အပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို စွက်ဖက်တာထက်ပိုတဲ့ ပြောဆိုမှုကို ပြောင်ပြောင်တင်းတင်းထုတ်ပြောလာတာဖြစ်ပေမဲ့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တုံ့ပြန်ဖို့ မေ့လျော့နေဆဲ ဒီရက်သတ္တပတ်မှာတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ထိုင်းနဲ့အတူ အမေရိကန် ကြိုးပမ်းနေတယ်ဆိုတဲ့အကြောင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်လိုင်းတစ်လျှောက်က တိုက်ပွဲတွေအတွက် တရုတ်နိုင်ငံကို အကူအညီတောင်းတဲ့အကြောင်းတွေနဲ့ တပ်မတော်ကို နောက်ပြန်ဆုတ်ပေးဖို့ အင်ဒိုနီးရှားက ပြောလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ထိုင်းနဲ့အတူ ကြိုးပမ်းနေတယ်ဆိုတဲ့ အမေရိကန်

ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ ဒီမိုကရေစီအရေးမှာ အမေရိကန် ဝင်အကူအညီပေးလို့ ကောင်းသွားတယ်ဆိုတဲ့ နိုင်ငံတွေနဲ့ အခြေအနေပိုဆိုးသွားတဲ့နိုင်ငံတွေ အချိုးချကြည့်ရင် ပိုဆိုးသွားတဲ့နိုင်ငံတွေက အလေးသာနိုင်ပြီး မြန်မာနိုင်ငံဟာလည်း အမေရိကန်ဝင်မွှေနေလို့ အခြေအနေဆိုးနေရတဲ့ နိုင်ငံတစ်ခုအဖြစ် ပြောရမှာပါ။

တရုတ်ရဲ့ မြန်မာဘက်ခြမ်း ပင်လယ်ထွက်ပေါက်အိပ်မက်ကို ထိန်းချုပ်ချင်တဲ့ အမေရိကန်ဟာ ရုရှားကိုပါ ကိုင်တွယ်ရဖို့ဖြစ်လာချိန်မှာ ကြားထဲက ခါးနာခဲ့ရတဲ့ မြန်မာနိုင်ငံအပေါ် ဘယ်တုန်းကမှ အားတက်သရော မကူညီခဲ့တာကို NLD အစိုးရဟောင်းလက်ထက်က အမေရိကန်မြှုပ်နှံမှုတွေမလာ၊ ကူညီမှုတွေ မပေးတာတွေ ချိန်ဆကြည့်ရင် သူဟာ မြန်မာနိုင်ငံကို ကူညီဖို့ထက် ဒုက္ခပေးဖို့ပဲ တွေးနေတဲ့ နိုင်ငံဆိုတာ မြင်ရပါတယ်။ လက်ရှိအခြေအနေမှာလည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ထိုင်းနဲ့အတူ ကြိုးပမ်းနေတယ်လို့ ပြောလာပြန်ပါတယ်။

တကယ်တော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ ပြည်တွင်းမှာရှိနေတဲ့ အဖွဲ့အစည်းအားလုံးကြား ညှိနှိုင်းဖြေရင်းမှုနဲ့ပဲ ဖြေရှင်းနိုင်မှာပါ။ ဒီလိုမျိုး ညှိနှိုင်းဖြေရှင်းမှုက တစ်ဖက်ဖက်မှာ အားနည်းလာမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ လက်ရှိအခြေအနေမှာ ဘယ်ဘက်က အားနည်းနေလဲ။ ဘယ်ဘက်ကို အားမပေးရင် ညှိနှိုင်းရေးလမ်းပေါ် အမြန်တက်လာမလဲဆိုတာ အမေရိကန်လိုမျိုး တစ်ချိန်လုံး ဝင်စွက်ဖက်နေတဲ့နိုင်ငံတွေက ပိုမြင်ပါလိမ့်မယ်။ အခုအချိန်မှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဟာ အမေရိကန်ရဲ့ ကြားဝင်မြှောက်ပင့် ထောက်ပံ့တာတွေ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို ဦးတည်ပေးဖို့ပါပဲ။ အဲဒီလိုမဟုတ်ဘဲ သပ်လျှိုသွေးခွဲပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနေတာပါဆိုရင်တော့ အောင်မြင်မှုရလာမှာ မဟုတ်တာကိုလည်း သတိချပ်ရပါမယ်။

နယ်စပ်လိုင်းတစ်လျှောက်က တိုက်ပွဲတွေအတွက် တရုတ်နိုင်ငံကို အကူအညီတောင်းတဲ့ ဘင်္ဂလားဒေ့ရှ်

“ကျွန်တော်တို့ဟာ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ တရုတ်သံအမတ်ကြီးကိုအသေးစိတ် ပြောဆိုခဲ့တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ဒေသများမှာ ခက်ခဲရှုပ်ထွေးမှုများရှိနေတာကိုလည်း ဆွေးနွေးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်စပ်ရှိ Zero Line မှာ လက်နက်ကိုင်အဖွဲ့တွေ ပဋိပက္ခဖြစ်ပွားနေတာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသနဲ့ပတ်သက်ပြီး သတိထား ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်အလက်များအရဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာဘက်ခြမ်းမှာ ပြိုင်ဘက်အုပ်စု နှစ်စုရှိနေတယ်။ ခွဲထွက်ရေးအုပ်စု သို့မဟုတ် လက်နက်ကိုင်အဖွဲ့တွေဟာ နှစ်နိုင်ငံနယ်စပ်ဒေသက Zero Line မှာ ရှိနေတယ်။ အဲဒီအဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ အလွန်နီးစပ်တဲ့နေရာမှာ ရှိနေတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နယ်စပ်ခြားစောင့်တပ်ဖွဲ့ BGB တွေဟာ နယ်စပ်ဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို စိမ့်ဝင်လာခြင်းမရှိအောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ တရုတ်သံအမတ်ကြီးအနေနဲ့ နယ်စပ်ဒေသမှာဖြစ်နေတဲ့
မတည်ငြိမ်မှုတွေရပ်တန့်အောင်ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဖြစ်တဲ့ အမြဲတမ်းအတွင်းဝန် မာဆွတ်ဘင်မိုမန်၊ ရှရီယာအလမ်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen ကို တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဒေသ Zero Line မှာ ထပ်မံဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ကြားဝင်ကူညီပေးဖို့ တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ နယ်စပ်လိုင်းတစ်လျှောက်မှာ ARSA၊ AA နဲ့ RSO အဖွဲ့တွေ ရှိနေသလို မြန်မာ့တပ်မတော်နဲ့လည်း မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီလိုမျိုးအချက်တွေကြောင့်လည်း ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်နိုင်ငံကို အကူအညီတောင်းလာခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်လက်နက်ကိုင်တွေကို ဘင်္ဂလားဒေ့ရှ်ဟာ သူ့နိုင်ငံနယ်မြေထဲ ခိုလှုံ့ခွင့်ပေးနေတာကြောင့်လည်း နယ်စပ်လိုင်းပေါ်က တိုက်ပွဲတွေ ရှည်ကြာနေရတာပါ။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ တရုတ်နိုင်ငံကို အကူအညီတောင်းနေမဲ့အစား သူ့နိုင်ငံထဲ ခိုလှုံခွင့်ပေးထားတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကို ခိုလှုံခွင့်မပြုရင် ဒီပြသနာက ကာလတစ်ခုမှာ ချုပ်ငြိမ်းသွားမှာပါ။အကြမ်းဖက်လက်နက်ကိုင်မှန်းသိလျက် ကိုယ့်နိုင်ငံထဲမှာ ခိုလှုံခွင့်ပေးထားရင်တော့ ဒီလက်နက်ကိုင်တိုက်ပွဲတွေ ဆက်ကြုံနေရမှာပါ။

နောက်ဆုတ်ပေးရမဲ့ တပ်မတော်

မြန်မာ့တပ်မတော်အနေနဲ့ နောက်ပြန်ဆုတ်ဖို့စဉ်းစားသင့်ပြီး ပိတ်ဆို့မှုတွေနဲ့ ပြည်တွင်းပဋိပက္ခဆိုးရွားမှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံကို အရည်ချင်းပြည့်မီတဲ့ ခေါင်းဆောင်တွေ ပါဝင်အုပ်ချုပ်ခွင့်ပေး သင့်တယ်လို့ အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုနှင့် ရေကြောင်းရေးရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Luhut Panjaitan က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာ့တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ဆယ်စုနှစ်နဲ့ချီပြီး အစိုးရရဲ့ ကဏ္ဍအားလုံးနဲ့ လုပ်ငန်းတွေကို ထိန်းချုပ်လုပ်ကိုင်ခဲ့ရာကနေ တဖြည်းဖြည်းနောက်ပြန်ဆုတ်သွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို နမူနာယူသင့်တယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

” အစိုးရအဖွဲ့ထဲမှာ တပ်ကသူတွေအများကြီးပါဝင်နေတယ်။ အဲဒီလူတွေဟာ အရည်အချင်းပြည့်ဝကောင်းမွန်မှုမရှိဘူးဆိုရင် ဘာကြောင့် သမ္မတဖြစ်ရမှာလဲ။ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း အရည်အချင်းပြည့်မီတဲ့သူတွေကို နိုင်ငံကို စီမံခန့်ခွဲခွင့်ပေးသင့်တယ်”လို့ Luhut Panjaitan က ဆိုပါတယ်။

ဒီနေရာမှာ လက်ရှိအချိန် တပ်မတော်က ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ပြင်နေတာဟာ နောက်ပြန်ဆုတ်ဖို့ စဉ်းစားတာဖြစ်သလို အရည်အချင်းရှိမယ်ထင်လို့လည်း ၂၀၁၆- ၂၀၂၁ ကာလမှာ NLD အစိုးရကို လူထုတစ်ရပ်လုံးက တင်မြောက်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း လက်ရှိနိုင်ငံရေးအကျပ်အတည်းမဖြစ်အောင် ထိုးဖောက်စဉ်းစားနိုင်တဲ့ မဟာဗျုဟာမြောက်လုပ်ရပ်တွေ မမြင်ခဲ့ရသလို နိုင်ငံနဲ့ ပြည်သူကို ဦးသိန်းစိန်အစိုးရတုန်းကလိုတောင် ချောင်လည်အောင် မလုပ်ဆောင်နိုင်ခဲ့တဲ့ ညံ့ဖျင်းမှုတွေကြောင့် တိုင်းပြည်က အဆိုးသံသရာထဲမှာ ပြန်ပိတ်မိနေတာပါ။

ဒီအခြေအနေဆိုးကနေ တပ်မတော်က နောက်ပြန်ဆုတ်စေချင်တယ်ဆိုရင်တော့ ၂၀၂၃ ရွေးကောက်ပွဲဖြစ်မြောက်ပြီး ဦးသိန်းစိန်လို သမ္မတမျိုး ပြန်တက်လာမှ၊ အင်ဒိုနီးရှားတပ်မတော်ကို နိုင်ငံရေးက ထွက်သွားစေအောင် အင်ဒိုနီးရှားတပ်မတော် စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝီရန်တိုကို စည်းရုံးနိုင်ခဲ့တဲ့ ဘီဂျေဟာဘီဘီလို သမ္မတမျိုး ရှိလာမှ ဖြစ်နိုင်မဲ့ အခြေအနေပါ။ ဒီလိုမျိုးအခြေအနေမဖြစ်သရွေ့တော့ Statesman နဲ့တူတဲ့ ခေါင်းဆောင်မရှိသရွေ့တော့ ရွေးကောက်ပွဲ ပြန်ဖြစ်လာပြီး အရပ်သားအစိုးရပြန်အုပ်ချုပ်တာကပဲ တပ်မတော်ကို နောက်ပြန်ဆုတ်စေမဲ့တစ်ခုတည်းသောအချက်ဖြစ်လာမဲ့အခြေအနေပါလို့ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *