၂၃. ၁. ၂၀၂၃
Written by Phyo Wei

Bar တွေ KTV တွေကို PDF တွေက ဗုံးခွဲနေပေမဲ့ ဒီလိုမျိုးသောက်စားပျော်ပါးနေတဲ့သူတွေကို အပြစ်မတင်ပါဘူးလို့ NUG ယာယီသမ္မတဒူဝါလရှီးလက ပြောလာချိန်မှာ ဒီလိုမျိုး Bar တွေ KTV တွေကို ဗုံးခွဲနေတာက KNU ထိန်းချုပ်တဲ့ PDF လား၊ KIA ထိန်းချုပ်တဲ့ PDF လား။ ဒါမှမဟုတ် ဒေသန္တရ PDF လား၊ ဒါမှမဟုတ် အမည်အမျိုးမျိုးနဲ့ ပေါ်လာနေတဲ့ အဖွဲ့အစည်းပေါင်းစုံက လက်နက်ကိုင်တွေက လုပ်နေတာလားလို့ တွေးစရာဖြစ်ပေမဲ့လည်း ဒီလိုမျိုး Bar တွေ KTV တွေကို ဗုံးခွဲနေတဲ့အဖွဲ့အစည်းအများစုကတော့ NUG ရဲ့ ဩဇာခံတွေဆိုတာ ထုတ်ပြန်ချက်တွေက အဖြေပေါ်ပါတယ်။ ဒါကြောင့် ဒူဝါလရှီးလရဲ့ ပြောဆိုချက်ဟာ ပြည်သူတွေ သောက်စားပျော်ပါးနေတဲ့နေရာတွေကို ဗုံးမခွဲကြပါနဲ့တော့လို့ တစ်ဖက်လှည့်နဲ့ ပြောသလား ထင်မှတ်ရတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ရွှေမရှားတဲ့ မြန်မာနိုင်ငံက စျေးတက်နေမှုတွေ၊ နှစ်နှစ်တာကာလအတွင်းမှာ ကျပ် ၇၃ ဘီလျံကျော်ဖိုး ဖမ်းမိတဲ့ မှောင်ခိုကုန်သွယ်မှုအကြောင်းတွေနဲ့ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပိုမိုခက်ခဲကျပ်တည်းဦးမယ်ဆိုတဲ့ အကြောင်းတွေကို သုံးသပ်ပြချင်ပါတယ်။

ရွှေမရှားတဲ့ မြန်မာ

မြန်မာ့ရွှေစျေးကို တစ်ကျပ်သား ၃၈ သိန်းအထိ ဆွဲတင်ခဲ့တာကြောင့် ပိုက်ဘောမိနေတဲ့သူတွေဟာ လက်ရှိအချိန်မှာ အဖြစ်ချင်ဆုံးကတော့ ပြည်တွင်းရွှေစျေး တစ်ကျပ်သား သိန်း ၄၀၊ ၅၀ ဖြစ်အောင် ပြန်ဆွဲတင်ချင်တာပါ။ ဒါပေမဲ့လည်း တစ်ဖက်မှာကလည်း ဒီလိုမျိုးမတန်တဆ စျေးကစားပြီး ဆွဲတင်နေတာတွေ၊ တည်ငြိမ်မှုပျက်အောင် လုပ်ဆောင်နေတာတွေကို စနစ်တကျကြပ်မတ်ထိန်းကွပ်နေလို့ စျေးဆွဲမတင်ရဲတဲ့အခြေအနေတွေကိုလည်း မြင်ရပါတယ်။

လက်ရှိကာလမှာဆိုရင်လည်း ကမ္ဘာ့ရွှေစျေးဟာ နှစ်လကျော် သုံးလအတွင်း ဒေါ်လာ ၃၀၀ လောက် ခုန်တက်ခဲ့လို့ ရွှေစျေးကစားချင်သူတွေဟာ စျေးဆွဲတင်ဖို့ ကြိုးစားနေကြပေမဲ့ မသင့်တော်တဲ့ နှုန်းထားတစ်ခုကို ဆွဲတင်ထားတာနဲ့ ကြပ်မတ်ထိန်းကျောင်းနေတာ၊ ရွှေအသင်းကလည်း စျေးကစားတာနဲ့ရွှေတွေ ထုတ်ရောင်းမယ်လို့ ပြောထားတာတွေကြောင့် အရင်တုန်းကလိုမျိုး စျေးကစားပြီး ရွှေစျေးဆွဲတင်တာ မမြင်ရဘဲ ကျပ် ၂၇ သိန်းဝန်းကျင်မှာပဲ ဆက်ရှိနေတာလည်း နိုင်ငံ့အတွက် ကောင်းတဲ့အခြေအနေပါပဲ။

ကျပ် ၇၃ ဘီလျံကျော်ဖိုး ဖမ်းမိတဲ့ မှောင်ခိုကုန်သွယ်မှု

ဦးသိန်းစိန် လက်ထက် ငါးနှစ်သက်တမ်းအတွင်းမှာ မှောင်ခိုကုန်သွယ်မှုဖမ်းမိတာက ကျပ်ဘီလျံ ၅၀ ကျော်ဖိုးပါ။ NLD အစိုးရဟောင်းလက်ထက်မှာတော့ ကျပ်ဘီလျံ ၂၀ ကျော်လောက်ပဲ ဖမ်းမိပေမဲ့ (၂၀၁၉ ဇွန်လအထိ ကျပ် ၁၁ ဒသမ ၈၂၈ ဘီလျံကျော်သာ ဖမ်းမိ) နစက နှစ်နှစ်သက်တမ်းအတွင်းမှာတော့ မှောင်ခိုကုန်သွယ်မှု ဖမ်းဆီးနိုင်တာက ၇၃ ဘီလျံကျော်အထိ ရှိနေသလို ဆက်လက်ဖမ်းမိနေတာတွေလည်း နေ့စဉ်သိန်းထောင်ချီ ဖမ်းမိနေတာကို တွေ့ရပါတယ်။

ဟိုးအရင်တုန်းကတော့ မှောင်ခိုဂိတ် ၂၀ ကျော် ရှိနေပြီး ဒီဂိတ်တွေက ဆက်ကြေးတွေကောက်ကြတာပါ။ လက်ရှိအချိန်မှာတော့ ဒီဆက်ကြေးဂိတ်တွေကလည်း တိုးပွားလာတဲ့ PDF တွေ လက်နက်ကိုင်တွေနဲ့အတူ ဆက်ကြေးဂိတ်ရာချီရှိနေပါပြီ။ ဒီလိုမျိုး ဆက်ကြေးတွေ ရနေသရွေ့ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်တွေလည်း ဆက်ပြီး အင်အားကောင်းနေဦးမှာမို့လို့ မှောင်ခိုကုန်သွယ်မှုတွေ ဖမ်းဆီးတာထက်ပိုတဲ့ တိုက်ဖျက်မှုအဆင့် တက်နိုင်လေ ပိုကောင်းလေဖြစ်မှာပါ။

ခက်ခဲကျပ်တည်းဦးမဲ့ မြန်မာ့ ၂၀၂၃

ပဋိပက္ခ ဒါမှမဟုတ် နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းက ရုန်းထွက်နိုင်မှုမရှိရင် ၂၀၂၃ ခုနှစ်ဟာ မြန်မာ ပြည်သူတွေအတွက် ခက်ခက်ခဲခဲရုန်းကန်ရမဲ့ နှစ်တစ်နှစ်ထပ်ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးအခြေအနေကို သုံးသပ်သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်နက်ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မှု အဟန့်အတား ဖြစ်လာဖို့ရှိနေတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာကြောင့်လည်း နိုင်ငံအတွင်းမှာ အစားအစာရရှိမှုနဲ့ စီးပွားရေးအပေါ် သက်ရောက်မှု ဖြစ်လာနိုင်သလို အစားအစာ လုံခြုံမှုမရှိတာကို ရင်ဆိုင်ရမဲ့ လူဦးရေကလည်း ၂၀၂၂ ခုနှစ်မှာ ၁၃ ဒသမ ၂ သန်းသာ ရှိခဲ့တာကနေ ၂၀၂၃ ခုနှစ်မှာ လူဦးရေ ၁၅ ဒသမ ၂သန်းအထိ မြင့်တက်လာဖွယ်ရှိနေတယ်လိုလည်း OCHA က သုံးသပ်ခဲ့ပါတယ်။ တကယ်လည်း အမှန်ပါပဲ။ ကိုဗစ်အကျပ်အတည်းကြောင့် အလုပ်တွေ ပြုတ်၊ လစာတွေ အလျှော့ခံရ၊ လုပ်ငန်းတွေ မလည်ပတ်နိုင်ကြတဲ့ ဖြစ်ရပ်ဆိုးကိုမှ အာဏာလွန်ဆွဲပွဲအကျပ်အတည်းက ထပ်ဆင့်ထိုးနှက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရင်တောင် ဒလန်လို့ သမုတ်ကြတဲ့နိုင်ငံတစ်ခုမှာ အလုပ်မလုပ်နိုင်တော့တဲ့နောက် ပိုပိုကျပ်တည်းမယ်လို့ နိမိတ်ဖတ်နိုင်တာ ဘာဆန်းသလဲလို့ ပြောရတော့မဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *